Saturday, May 24, 2014

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်းသဘောတူညီချက်ချုပ်ဆို


အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံကြား ရေကြောင်း သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားနေသော ဒေသတွင်း စံပြပုံစံတစ်ခု ဖြစ်သည်ဟု ချီးကျူးပြောကြား လိုက်ကြော င်း CNA သတင်းတွင် ဖော်ပြထားသည်။
ရေကြောင်း သဘောတူညီချက်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆွေးနွေးပြီးနောက် သဘောတူညီ လိုက်ခြင်းဖြစ်ကာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင် သည်ကို ဖော်ပြပေးလိုက်ခြင်း ဖြစ်သည်ဟု အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘန်ဗန်ယူဒိုယိုနိုက ပြောကြား လိုက်သည်။

“ရေကြောင်းအငြင်းပွားမှု အပါအဝင် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရတယ့်  ဖော်ပြ လို က်ခြင်း ဖြစ် တယ်။ ကျွန်တော်တို့ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ထိခိုက်စေမယ့် စစ်ရေးနည်းလမ်း အသုံးပြုဖို့ မလိုဘူးဆိုတာ ပြလိုက်တာ ဖြစ်တယ်” ဟု ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတက ပြောကြားလိုက်သည်။

ရေနံနှင့် သယံဇာတ ကြွယ်ဝသည် ဟုယူဆထားသော တောင်တရုတ် ပင်လယ်တွင်းရှိ နယ်မြေ ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများကြား တင်းမာမှုများ ဖြစ်ပေါ် လျက် ရှိသည်။

အဆိုပါ အငြင်းပွားနယ်မြေတွင်းသို့ တရုတ်နိုင်ငံက ရေနံတွင်းတူးစင်တစ်ခု စေလွှတ်လိုက်ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်နိုင်ငံ၌ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

ရေကြောင်း နယ်ပယ်ရေးရာများတွင် ငြိမ်းချမ်းပြီး မျှတသည့် နည်းလမ်းကို လိုက်နာကြောင်း၊ တရားဥပဒေ စိုးမိုးမှုကို အခိုင်အမာ စွဲကိုင်ထားကြောင်းကို ရေကြောင်း သဘောတူညီချက်က ခိုင်ခိုင်မာမာ သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု ဖိလစ်ပိုင်သမ္မတ အကွီနိုက ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်း ပိုင်နက်တောင်းဆိုမှုများ မင်ဒါနာအိုပင်လယ်၊ ဆယ်လီဘီပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ် အချို့နေရာများတွင် ထပ်တူဖြစ်နေခြင်းကို ရေကြောင်း သဘောတူညီချက်တွင် အသေး စိတ် ဖြေ ရှင်းပေးထားသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ နိုင်ငံများ၏ အထူးသီးသန့် စီးပွားရေးဇုန်မှာ သက်ဆိုင်ရာ နိုင်ငံ ကမ်းရိုး တန်းမှ ရေမိုင် ၂၀၀ အကွာအတွင်းဖြစ်ပြီး အဆိုပါ ရေပြင်တွင်းရှိ သယံဇာတများကို ထုတ်ယူနိုင်သည်။

သို့သော်လည်း အိမ်နီးချင်းနိုင်ငံများ၏ ရေပြင်များတွင်မူ ဇုန်နယ်နိမိတ်မှာ တစ်ခုနှင့်တစ်ခု ထပ်လျက်ရှိေ နနိုင်သည်။

တောင်တရုတ် ပင်လယ်တွင်းရှိ ပိုင်နက်အရေးကို တရုတ်က တင်းတင်းမာမာ တောင်းဆိုလာခြင်းကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ် စသည့်နိုင်ငံများနှင့် မကြာသေးမီကစ၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

“အရှေ့တရုတ်နဲ့ တောင်တရုတ်ပင်လယ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အခြေအနေတွေက တင်းမာမှုတွေနဲ့ ပြည့်နေတယ်” ဟု အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ပြောကြားလိုက်သည်။

တင်းမာမှုများ လျှော့ချနိုင်ရန် အငြင်းပွား နယ်မြေများအတွင်း မည်သည့် လှုပ်ရှားမှုမျှမလုပ်ဟု ဖော်ပြထား သည့် ၂၀၀၂ ခုနစ် သဘောတူညီချက် စိတ်ဓာတ်ထံသို့ ပြန်လည် ဦးတည်ရန် အင်ဒိုနီးရှား သမ္မတက တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများကို တိုက်တွန်းထားသည်။

The Voice Weekly

No comments:

Post a Comment