Wednesday, May 7, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (၂၄)ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရန် ပြင်ဆင်ထားရှိမှုကို ကြည့်ရှု စစ်ဆေး



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC ၌ (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရန် ပြင်ဆင် ထားရှိမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ရှးဦးစွာ နိုင်ငံတော် သမ္မတသည် MICC အဝင် ခန်းမကြီး၌ အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံ့ ခေါင်းဆောင်များအား ကြိုဆို နှုတ်ဆက်ရန် စီစဉ် ထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နီလာခန်းမ၌ အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ ခေါင်းဆောင်များနှင့် ဧည့်သည်တော် များအား နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ရန် စီစဉ်ထား
မှု၊ လေဆိပ်မှ နေပြည်တော်သို့ ထွက်ခွာရာ လမ်းတစ်လျှောက်တွင် ပြင်ဆင်ထားမှု၊ နိုင်ငံအလိုက် တည်းခိုရန် ဟိုတယ်များ နေရာ ချထားမှု၊ ကြိုဆို ညစာစားပွဲ၊ အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၊ ထိပ်သီး အစည်းအဝေးနှင့် ထိပ်သီး အစည်းအဝေး ပိတ်ပွဲ အခမ်းအနားများ ကျင်းပရန် ပြင်ဆင်ထားရှိမှု၊ အာဆီယံနိုင်ငံ အကြီးအကဲ များနှင့် အာဆီယံ ပါလီမန် အမတ်များ ညီလာခံ ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အာဆီယံ လူငယ် ကိုယ်စား လှယ်များ တွေ့ဆုံ ပွဲများ ကျင်းပရန် စီစဉ်ထားမှု၊ ထိပ်သီး အစည်းအဝေး အပြီးတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရန် ဆောင်ရွက် ထားမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အာဆီယံ ထိပ်သီး အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားသည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် အာဆီယံ နိုင်ငံ အကြီးအကဲ များနှင့် အာဆီယံ ပါလီမန် အမတ်များ ညီလာခံ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့ အစည်း ကိုယ်စား လှယ်များ၊ အာဆီယံ လူငယ် ကိုယ်စား လှယ်များ တွေ့ဆုံပွဲများ ကျင်းပမည့် နီလာခန်းမ၊ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ခန်းမများသို့ သွားရောက်မည့် လမ်းတစ် လျှောက်တွင် မြန်မာ့ရိုးရာ တူရိယာများဖြစ်သည့် စောင်းနှင့် ပတ္တလား များဖြင့် တီးခတ် ဖျော်ဖြေရန် စီစဉ်ထားမှု၊ ဧည့်တွေ့ခန်းများ၊ အရေးကြီး ပုဂ္ဂိုလ် နားနေခန်း၊ အာဆီယံ ထိပ်သီး သီးသန့် အစည်းအဝေး ကျင်းပမည့် ပုလဲခန်းမ၊ ကြိုဆို ညစာစားပွဲနှင့် ဖွင့်ပွဲ အခမ်းအနား ကျင်းပမည့် ကျောက်စိမ်းခန်းမ တို့တွင် ပြင်ဆင် ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး ဂုဏ်ပြုညစာ စားပွဲတွင် ဖျော်ဖြေ တင်ဆက် မည့် အစီအစဉ်များနှင့် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်း အနား အစီ အစဉ်များကို ကြည့်ရှု အားပေးသည်။
ယင်းနောက် စားသောက် ခန်းမများ၊ အာဆီယံ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေးနှင့် ပိတ်ပွဲ အခမ်းအနား ကျင်းပမည့် ပတ္တမြား ခန်းမ၊ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမည့် သန္တာ ခန်းမနှင့် အာဆီယံနိုင်ငံ ခေါင်းဆောင်များ တည်းခိုမည့် ဟိုတယ်များကို လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့သည်။

နိုင်ငံတော် သမ္မတသည် ညနေပိုင်းတွင် Mount Pleasant Hotel နှင့် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ တိုင်းရင်းသား ရိုးရာ လက်မှုပညာများ ခင်းကျင်းပြသရန် စီစဉ်ထားမှု တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
(၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို မေ ၁ဝရက်နှင့် ၁၁ရက် တို့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသွားမည် ဖြစ်သည်။ ယခုအခါ အာဆီယံ ခေါင်းဆောင်များ သွားလာရေး၊ တည်းခို နေထိုင်ရေးနှင့် အစည်းအဝေး ကျင်းပနိုင်ရေး တို့အတွက် အစစ အရာရာ ပြင်ဆင် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ

No comments:

Post a Comment