Monday, May 12, 2014

(မဘသ) လုပ်ဆောင်ချက် ဗုဒ္ဓသာသနာအတွက် အထောက်အကူဖြစ်ဟု သာသနာရေးဝန်ကြီးပြော

သမ္မတထံ မျိုးစောင့်ဥပဒေများပြဋ္ဌာန်းပေးရေး အဆိုပြုခဲ့သည့် သံဃာတော်များ ဦးဆောင်သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ဆောင်ရွက်ချက်နှင့် သဘောထားများသည် သာသနာတော် တည်တံ့၊ ပြန့်ပွားရေးလုပ်ငန်းများကို အထောက်အကူပြုသည်ဟု သာသာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဦးဆန်းဆင့်က ပြောသည်။

“(မဘသ)၏ လုပ်ဆောင်ချက်များသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဘက်ပြိုင်ပြု၍ ဆန့်ကျင်ဘက်အနေအထားဖြင့် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ဆောင် ရွက်လျက် ရှိသော သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးလုပ်ငန်း သုံးမျိုးအနက် တည်တံ့၊ ပြန့်ပွားရေး လုပ်ငန်းနှစ်မျိုးကို အထောက်အကူပြု ဆောင်ရွက်လျှက် ရှိသည်ကိုသာ တွေ့ရှိ ရပါသည်”ဟု ဦးဆန်းဆင့်က ဆိုသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း မေ ၁၁ ရက်က ပြုလုပ်သည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ ဒုတိယအထူးအစည်းအဝေးတွင် ဦးဆန်းဆင့်က ဆရာတော်ကြီးများအား အထက်ပါအတိုင်းလျှောက်ထားလိုက်ခြင်းဖြစ်သည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)သည် မျိုးစောင့်ဥပဒေဟု လူသိများသော လူမှုရေး၊ ဘာသာရေး၊လူဦးရေဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး သမ္မတထံ တောင်းဆိုထားသည်။

သမ္မတက ဥပဒေပြုရေး အာဏာပိုင်ဖြစ်သည့် ပြည်ထောင်စု လွှတ်တော်သို့ ယင်းအရေးလွှဲပြောင်းပေး ခဲ့သော်လည်းလွှတ်တော်က အဆိုပါ ဥပဒေကြမ်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများသာ ရေးဆွဲရန် သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် သမ္မတက အဆိုပါဥပဒေများရေးဆွဲရန် ကော်မရှင်တစ်ရပ်ဖွဲ့စည်းလိုက်ပြီး ဇွန်လကုန် နောက်ဆုံး ထားရေးဆွဲရန် ညွှန်ကြားထားသည်။

ယင်းအချိန်တွင် (မဘသ)အဖွဲ့၏ လုပ်ငန်းများသည် ဗုဒ္ဓသာသနာအတွက် အထောက်အကူပြုသည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဆန်းဆင့်က ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။
ထို့ပြင် မေလ ၈ ရက် ကမ္ဘာအေးကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မသဘင်ခန်းမတွင် ပြုလုပ်သည့် မ.ဘ.သ အဖွဲ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ သြ၀ါခံယူပွဲကိုလည်း ထင်ရှားသော သာဓကဟု ညွန်းဆိုသုံးနှုန်းသည်။

အဆိုပါသြ၀ါဒခံယူပွဲတွင် မ.ဘ.သ အဖွဲ့က အမျိုးဘာသာ၊ သာသနာအတွက် ဆောင်ရွက်ခြင်းဖြစ်ကာ (မဟန)နှင့် ညီရင်းအစ်ကို ဖအေနှင့် သားပမာ စိတ်ဝမ်းမကွဲဘဲ တစ်သားတည်း ရှိသည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်က သုံးသပ်ပြသည်။
“နိုင်ငံတော်သံဃမဟာနာယ (မဟန)က နိုင်ငံတော်အဆင့် လုပ်ရတဲ့အခါ မလွတ်မလပ်ဖြစ်နေတာတွေ၊ ခက်ခဲနေတဲ့ အပိုင်းတွေကို မဘသက လုပ်နေပါတယ်ဆိုတာတွေကို လျှောက်ထားခဲ့ပါတယ်”ဟု မဘသ ဗဟိုအဖွဲ့ဝင် ဆရာတော် ဒေါက်တာ သောပါကက မဇ္ဈိမကို မိန့်သည်။
ယင်းအပြင် (မဘသ)သည် (မဟန)ကို ဆန့်ကျင်ဆောင်ရွက်နေခြင်းမဟုတ်ဟု ရှင်းလင်းလျှောက်ထားပြနိုင် သဖြင့် ဆရာတော်ကြီးများထံမှ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်မည်ဆိုသည့် သဘောထားကို ရရှိခဲ့သည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment