Wednesday, May 21, 2014

ထိုင်းအဖြစ်မျိုး မြန်မာတွင် ကြုံရန်မရှိဟု ကာကွယ်ရေးဝန်ကြီး ဝေလွင်ပြော

လူထုဆန္ဒပြပွဲများကြောင့် အဓိကရုဏ်းများ ဆင့်ကဲလာပြီး စစ်တပ်က မာရှယ်လောဖြင့် ယနေ့စတင် အုပ်ချုပ်လိုက်သည့် ထိုင်းနိုင်ငံ၏ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံ၌ ကြုံလာစရာမရှိပါဟု ကာကွယ်ရေးဝန်ကြီးက မဇ္ဈိမကို ပြောကြားခဲ့သည်။
“ဒီမှာက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ပွင့်ပွင့်လင်းလင်းလုပ်ပေးနေ တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ပြည်သူ့လွှတ်တော်မှာ ပွင့်လင်းစွာဖော်ထုတ်နိုင်တယ်။ ဒါ့အပြင် ဆန္ဒပြခွင့်ကိုလည်း သက်ဆိုင်ရာ စည်းကမ်းချက်များနဲ့အညီ ခွင့်ပြုပေးထားတဲ့အတွက် လွတ်လပ်စွာပြော ဆိုခွင့်တွေလဲရရှိနေတဲ့အတွက် ကျွန်တော်တို့နိုင်ငံဟာ ထိုင်းနိုင်ငံလို ဖြစ်နိုင်စရာ မရှိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု (၈)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ ဥက္ကဌလည်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပင်မအစည်းအဝေးကြီးအပြီးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အခြေခံဥပဒေပြင်ဆင်ရန်ကြိုးပမ်းနေစဉ်၊ အထူးသဖြင့် အရေးကြီးဥပဒေများ ပြုပြင်နိုင်ရေး၏ အဓိက အတားအဆီးဖြစ်သော ပုဒ်မ ၄၃၆ ကို အမြန်ပြင်ရေးအတွက် နိုင်ငံတစ်ဝန်းဆန္ဒပြပွဲများ ကျယ်ပြန့်နေခြင်းကြောင့် ထိုင်းနိုင်ငံကဲ့သို့ စစ်အုပ်ချုပ်ရေးတစ်ရပ် ပေါ်ပေါက်လာနိုင်သလားဟူသည့် မဇ်္ဈိမ၏ အမေးကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများက “အာဆီယံကာကွယ်ရေးပူးပေါင်းမှုမှသည် ငြိမ်းချမ်းဝေစည်အာဆီယံ အသိုင်းအ၀န်းဆီသို့ ” ဟူသည့် ပူးတွဲကြေညာချက်ကို ယနေ့ နေ့လယ်၌ လက်မှတ်ရေးထိုး အပြီးတွင် ပြည်တွင်း ပြည်ပစာနယ်ဇင်းများအတွက် မေးခွန်းသုံးခွန်းသာ မေးခွင့်ရခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ပ သတင်းထောက်တစ်ဦး၏ တောင်တရုတ်ပင်လယ် အရေးဆိုင်ရာအမေးကိုလည်း ကာကွယ်ရေးဝန်ကြီးက ဤသို့ဖြေကြားခဲ့သည်။
“တောင်တရုတ်ပင်လယ်နဲ့ပတ်သက်လို့ (အာဆီယံကာကွယ်ရေးဝန်ကြီးတွေ) အမြင်ချင်းဖလှယ်တဲ့နေရာမှာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ဖော်ဆွေးနွေးချက်ကို ပြောချင်ပါတယ်၊ ဒီကိစ္စအပေါ် ငြိမ်းချမ်းစွာနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းပြီး ဖြေရှင်းသွားမယ်လို့ သူက ပြောပါတယ်” ဟု အာဆီယံကာ ကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။
ထို့အပြင် တောင်တရုတ်ပင်လယ်ကိစ္စ အငြင်းပွားနေမှုမှာ နိုင်ငံအတော်များများပါဝင်ပြီး ရှုပ်ထွေးလှသည့် နိုင်ငံရေး ကိစ္စတစ်ခုလည်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
“ဒါဟာ အခုမှဖြစ်တဲ့ ပြဿနာအသစ်လည်း မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၁၄ ခုနှစ်၊ မေလ ၁၁ ရက် မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အာဆီယံအသိုင်းအ၀န်းထူထောင်ရေးနဲ့ ပတ်သက်တဲ့ နေပြည်တော် ကြေ ညာချက် မှာလဲ သဘောထားကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီသဘောထားကို အာဆီယံဝန်ကြီးအားလုံး ကလည်း ထောက်ခံခဲ့ပါတယ်” ဟု ၎င်းက ဖြေကြားသည်။
“ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်နိုင်ငံအပါအ၀င် ၁၀ နိုင်ငံတို့မှ ကိုယ်စားလှယ် ၁၇၄ ဦး တက်ရောက်ခဲ့ကြပြီး လာအိုဒီမိုကရက်တစ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် ဒုတိယ၀န်ကြီးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဒေါင်ချေးပီချစ်ကမူ မေလ ၁၇ ရက်၌ လေယာဉ် ပျက်ကျမှုကြောင့်ကွယ်လွန်ခဲ့သဖြင့် တက်ရောက်နိုင်ခြင်း မရှိကြောင်းတွေ့ရသည်။

ယနေ့အစည်းအဝေးတွင် တက်ရောက်ကြသူများက အဆိုပါ လာအိုကာကွယ်ရေးဝန်ကြီးအတွက် ၀မ်းနည်းကြေကွဲကြောင်း စာနာထောက်ထားကြောင်း ဖော်ပြခြင်းအပါအ၀င် “အာဆီယံကာကွယ်ရေး ပူးပေါင်းမှုမှသည် ငြိမ်းချမ်းစေမည့် အာဆီယံအသိုင်းအ၀န်းဆီသို့” ဟူသည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသတင်းထုတ်ပြန်ခဲ့သည်။






Mizzima - News in Burmese

No comments:

Post a Comment