Thursday, May 8, 2014

မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကန်ဒေါ်လာသန်း ၁၀၀ ကုန်ကျမည်ဟုဆို

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ လေ့လာချက်များအရ အကောင်အထည် ဖော်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းကြောင်း အဆိုပါ မြို့ပြ ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ရေးအတွက် ဆောက်ရွက်မည့် ADB အဖွဲ့ခေါင်းဆောင် Dr. Gary MOYS က ပြောကြားသည်။
အဆိုပါ မြို့ပြစီမံကိန်း ကနဦး တွေ့ရှိချက် ရှင်းလင်းပွဲကို မေလ ၇ ရက်နေ့က မန္တလေးမြို့တော် စွမ်းဟိုတယ်တွင် ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ယင်းစီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် ADB က ချေးငွေဒေါ်လာ သန်းခြောက်ဆယ် ရရှိမည် ဖြစ်ပြီး ကျန်ချေးငွေများကို အစိုးရနှင့် အခြားအဖွဲ့အစည်းက အကူအညီဖြင့် ဆောင်ရွက်သင့်ကြောင်း ၎င်းကဆိုသည်။
မန္တလေးမြို့တော်တွင် မြေအောက် ရေသုံးစွဲမှု စာရင်းမရှိသော်လည်း ရေရှည် မသုံးစွဲသင့်ကြောင်း ရေပေးဝေရေး၊ ရေဆိုးသန့်စင်ရေးနှင့် ရေလွှမ်းမိုးမှုများ အတွက်လည်း အသုံးပြုရမည် ဖြစ်ကြောင်း ၎င်းကသုံးသပ် ပြောကြားသည်။

“ရေပေးဝေမှုနဲ့ ပတ်သက်လို့က အခြေခံအားဖြင့် လျှပ်စစ်မီး လိုအပ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေး လာမည့် ၂၀၁၅ ခုနှစ်တွင် ADB မှ ချေးငွေရရှိရေး၊ မြို့ပြဝန်ဆောင်မှု တိုးတက်စေရေးအတွက် ၂၀၁၄ ခုနှစ် မတ်လမှ စတင်ကာ ၂၀၁၅ ဖေဖော်ဝါရီလထိ ADB မှ ပညာရှင်များက လေ့လာကာ စီမံကိန်းများ ရေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ ADB တာဝန်ရှိသူထံမှ သိရသည်။
ယင်းစီမံကိန်းအတွက် ရေပေးဝေရေးစနစ်၊ ရေကြီးမှုမှ ကာကွယ်ရေး၊ ရေဆိုးသန့်စင်စနစ်၊ အမှိုက်နှင့် မိလ္လာစနစ်တို့ ကောင်းမွန်ရေးနှင့် အများပြည်သူ အသိပညာ ပေးရေးအတွက် စီမံကိန်းများ ADB က ရေးဆွဲသွားမည် ဖြစ်ကြောင်း မြို့ပြဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ရေးအတွက် ဆောက်ရွက်မည့် ADB အဖွဲ့ခေါင်းဆောင် Dr. Gary MOYS က ထပ်လောင်းပြောကြားသည်။
ယင်းသို့ ရေးဆွဲရာတွင် ADB၊ အိုင်ယာလန်နိုင်ငံ အခြေစိုက် Pm Group၊ ပြင်သစ်အခြေစိုက် SAFEGE (Société Anonyme Française d' Etude de Gestion et d' Entrepris-es)၊ ပြည်တွင်းအခြေစိုက် MMIC (Myanmar International Consultants Company) တို့မှ ပညာရှင်များက ရေးဆွဲသွားမည် ဖြစ်ပြီး အဆိုပါ အဖွဲ့များထဲတွင် ပြည်တွင်းမှ အင်ဂျင်နီယာ အကြံပေး ကုမ္ပဏီတစ်ခု ဖြစ်သည့် MMIC က ပြည်တွင်းပညာရှင် ၁၅ ဦးနှင့် ပြည်ပပညာရှင် ၁၀ ဦးတို့ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
ယင်းအပြင် လက်ရှိ မန္တလေးမြို့တော်တွင် ရေပေးဝေရေးတွင် ဆောင်ရွက်နေသည့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် AFD (Agence Francaise Development) တို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ADB မှရေးဆွဲသည့် အစီရင်ခံစာမှာ ၂၀၁၅ ဖေဖော်ဝါရီတွင် ပြီးဆုံးမည်ဖြစ်ရာ ချေးငွေဆိုင်ရာ ကိစ္စရပ်များကို အစိုးရနှင့် ADB တို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် လက်မှတ် ရေးထိုးပြီးနောက် အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ADB တာဝန်ရှိသူတစ်ဦးက ဆိုသည်။
reverse engineering

No comments:

Post a Comment