တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများ တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် နည်းပညာတက္ကသိုလ် အချို့ကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ အဖြစ် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သောကြောင့် ယင်းကဲ့သို့ တက္ကသိုလ် ပေါင်း၍ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။“ကျောင်းတွေကို ဖျက်လိုက်မယ်လို့တော့ မဟုတ်ပါဘူး။ အဆောင်တစ်ခုမှာ တစ်ခြမ်းက ကွန်ပျူတာတက္ကသိုလ်၊ တစ်ခြမ်းက နည်းပညာတက္ကသိုလ် ထားမယ်ဆိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။
ထားဝယ်၊ ကျောက်ြဖူနှင့် သီလဝါတို့တွင် အကောင်အထည် ဖော်နေသော အထူးစီးပွားရေးဇုန်များ အတွင်း ဝင်ရောက်လာမည့် စက်ရုံအမျိုးအစားနှင့် လိုအပ်မည့် အလုပ်သမား အရေအတွက်ပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင် အလုပ်သမားများ မွေးထုတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ တောင်းဆိုသော အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အလုပ်အကိုင် အဆင်သင့်ဖြစ်အောင်၊ ချိတ်ဆက်မိအောင်၊ ဘယ်လို စက်ရုံတွေ ဝင်လာမလဲ၊ အလုပ်သမား ဘယ်လောက် လိုအပ်မလဲ ဆိုတာကို Data ကောက်နေတယ်” ဟု ၎င်းကဆိုသည်။အဆိုပါ တက္ကသိုလ် နေရာများတွင် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း၊ သင်တန်း အမျိုးအစားအလိုက် သုံးလမှ ခြောက်လအထိ ကြာမြင့်ဖွယ်ရှိကြောင်း ၎င်းကပြောဆိုသည်။တက္ကသိုလ်များ ပူးပေါင်းလိုက်၍ လစ်လပ်လာမည့် ကျောင်း ၁၀ ကျောင်းနှင့် အသုံးမပြုသည့် အဆောက်အအုံဟောင်း အချို့ကို ပြင်ဆင်၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်မည် ဖြစ်သည့် အတွက် သင်တန်းကျောင်းပေါင်း ၂၀ ကျော်အထိ အကောင်အထည်ဖော်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“ပညာရှင်အဖွဲ့နဲ့ ဝန်ကြီးဌာန ထိပ်တိုက်တွေ့နေပြီ။ ပညာရှင်က ပိတ်ရမယ်။ ဝန်ကြီးဌာနကျတော့ ပြည်သူ့အသံ နားထောင်ပြီးမှ လုပ်မယ်ပြောတယ်” ဟု ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အခြေစိုက်သော အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ဦးအောင်ဝင်းက The Voice သို့ ပြောဆိုသည်။
မြန်မာနိုင်ငံ၏ လုပ်သား လိုအပ်ချက်အရ အင်ဂျင်နီယာ ဘွဲ့ရများထက် ကျွမ်းကျင်ပညာရှင်များကိုသာ လိုအပ်လျက် ရှိကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ် အချို့တွင် ဆရာအရေအတွက် ရှားပါးခြင်း သို့မဟုတ် ကျောင်းသားနည်းပါးခြင်းတို့ ဖြစ်ပေါ်နေသည့် အတွက် ယင်းတက္ကသိုလ်များကို ပိတ်သိမ်းသင့်ကြောင်း ၎င်းက အကြံပြုသည်။ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေရချိန်တွင် အင်ဂျင်နီယာဘွဲ့ရများ များပြားနေပြီး ကျွမ်းကျင်အလုပ်သမား ရှားပါးလျက် ရှိကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် စက်မှုလက်မှု အထက်တန်းကျောင်း၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ် စုစုပေါင်း ၆၀ ကျော် ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် စက်မှုဇုန်များ အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခု ချမှတ်ပြီး တက္ကသိုလ် အများအပြား ဖွင့်လှစ်ခဲ့သည်။ယခင်က စက်မှုအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် နည်းပညာတက္ကသိုလ် အနည်းငယ်သာ ရှိပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်ပေးခဲ့သည်။
ယင်းနောက် အစိုးရနည်းပညာ ကောလိပ်များကို ၁၉၉၉ ခုနှစ် ဝန်းကျင်တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လှစ်ခဲ့ပြီး ယင်းကောလိပ်များကို တက္ကသိုလ်အဖြစ် ၂၀၀၇ ခုနှစ်တွင် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။
ယင်းကြောင့် နယ်ဒေသများရှိ နည်းပညာတက္ကသိုလ် အများစု၏ သက်တမ်းမှာ ခုနစ်နှစ် ဝန်းကျင်သာ ရှိသေးသည်။
The Voice Weekly

No comments:
Post a Comment