Monday, May 5, 2014

လသာမှတ်တိုင်တွင် ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်သုံးစီးကို ဆင့်တိုက်၊ ကားစောင့်နေသူ အမျိုးသမီး သေဆုံး

လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် ၂၄ လမ်းထိပ်ရှိ လသာမှတ်တိုင်တွင် မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ မောင်းနှင်လာသော မထသ ၆၂ ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်သုံးစီးကို ဆင့်တိုက်မိပြီး လမ်းဘေးတွင် ကားစောင့်နေသူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ကြောင်း လသာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ဦးစိုးထိုက်ဦး (ခ) မောင်ဝင်း မောင်းနှင်လာသော ဖူဆိုအမျိုးအစား မထသ (၆၂) ခရီးသည်တင် ယာဉ်မှာ လသာမှတ်တိုင် အနီးတွင် ဘရိတ်ပေါက်ကာ ယာဉ်ရှေ့၌ ခရီးသည် အတင်အချ ပြုနေသော (၁၅၇) ခရီးသည်တင်ယာဉ်နှင့် လမ်းဘေးတွင် ရပ်ထားသည့် ပရိုဘောက် ယာဉ်နှစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ကြည့်မြင်တိုင် မြို့နယ်သို့ ပြန်ရန် ဘတ်စ်ကား စောင့်နေသူ ဒေါ်ခင်သန်းကို ယာဉ်၏ ရှေ့ဘီးဖြင့် ကြိတ်မိခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“မှတ်တိုင်ကို အရှိန်နဲ့ ဝင်လာချိန် ဘရိတ်ပေါက်ပြီး ရှေ့က ကားသုံးစီးကို ပွတ်တိုက်မိလို့ စီတီယာရင်တိုင်ကို လမ်းဘေးဆွဲချတာ ကားစောင့်နေတဲ့ အမျိုးသမီးကို ရှေ့ဘက်မှန်နဲ့ ဖြတ်တိုက်မိသွားတယ်။ အမျိုးသမီး လဲကျသွားချိန် ခြေထောက်ကို ဘီးနဲ့ ကြိတ်မိသွားတာကြောင့် ဆေးရုံ အမြန်ပို့ပေမယ့် အသက်မမီလိုက်ဘူး” ဟု ယာဉ်တိုက်မှုကို သွားရောက် စစ်ဆေးခဲ့သော လသာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်လေးစီး ပျက်စီးခဲ့ပြီး ကြည့်မြည်တိုင်မြို့နယ်၊ ဦးငမြဇင်ရပ်ကွက်၊ မြကလျာလမ်းတွင်နေသူ ဒေါ်ခင်သန်းမှာ သေဆုံးခဲ့သောကြောင့် မထသ ၆၂ ခရီးသည်တင် ယာဉ်မောင်း ဦးစိုးထိုက်ဦး (ခ) မောင်ဝင်းကို လသာမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၆/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်က လမ်းမတော်မြို့နယ်၊ ယာဉ်လိုင်း အမှတ် ၃၁ ကားဂိတ်အနီးတွင် ၁၃၅ ခရီးသည်တင်ယာဉ်မှာ အငှားယာဉ် တစ်စီး၏ ယာဉ်နောက်ပိုင်းကို ဝင်တိုက်မိခဲ့ပြီး ယင်းအတိုက်ခံရသည့် ယာဉ်မှ ဘီအမ် ကြို့/ပို့ယာဉ် နောက်ပိုင်းကို ဆက်လက် တိုက်မိခဲ့ရာ အငှားယာဉ်ပေါ် ပါသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သူ ၁၃၅ ခရီးသည်တင် ယာဉ်မောင်းကို လမ်းမတော်မြို့မ ရဲစခန်းမှ ယာဉ် (ပ) ၂၄/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment