Tuesday, May 6, 2014

အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရန် ဥပဒေကြမ်း ရေးဆွဲမည်

မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် ကျွမ်းကျင်လုပ်သား ရှားပါးမှု မဖြစ်ရန် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားခွင့် ဥပဒေကြမ်းကို ပညာရှင်များနှင့် သုံးလအတွင်း အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။
နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာ ဥပဒေကြမ်းဟု အမည်ပေးထားသော ယင်း ဥပဒေ ကို လုပ်ငန်းအဖွဲ့ ခုနစ်ခုဖွဲ့ကာ ဆွေးနွေးတိုင်ပင် ရေးဆွဲရန် လျာထားကြောင်း၊ ယင်းတို့အနက် ဥပဒေ ကြမ်း ရေးဆွဲရေး လုပ်ငန်းအဖွဲ့တွင် မူဝါဒနှင့် ဥပဒေပြုစုရေး၊ သင်ကြားရေးနှင့် သင်တန်းရေးရာ၊ အရည် အချင်း စစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်း အချက်အလက် ထုတ်ပြန်ရေး၊ အမျိုးသားအဆင့် စီမံကိန်း ရေးဆွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့များ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မီ အစိုးရစက်မှုလက်မှု သိပ္ပံ ၁၀ ကျောင်း ဖွင့်လှစ်ရန် စီစဉ်နေသည့်အတွက် ယင်းဥပဒေကို အလျင်အမြန် လက်စသတ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဥပဒေ ရေးဆွဲရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များတို့က ကူညီပံ့ပိုးပေးပြီး အချိန်သုံးလအတွင်း အပြီးသတ်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေ ရေးဆွဲရေး လုပ်ငန်း အဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

“ဥပဒေတစ်ခု ပေါ်လာမှ လုပ်ငန်းကို ဘယ်လို တိုးတက်အောင် လုပ်ချင်လဲ ဆိုတာ ပေါ်လာမယ်။ ဒါကြောင့် လုပ်ပိုင်ခွင့် ရှိအောင် ဥပဒေကို ရေးဆွဲမှာ” ဟု ဦးဇော်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းများ ရှိသော်လည်း ပြည့်စုံမှုများ မရှိသေး သည့် အတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်တန်းကျောင်းများ ဖွင့်လှစ်မည် ဆိုပါက သင်ရိုး ညွှန်းတမ်းနှင့် သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံရန် လိုအပ်သကဲ့သို့ အသုံးချနိုင်မည့် လုပ်ငန်းခွင် လို အပ်ကြောင်း Tip Top Education ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြု ပြောကြားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် စက်မှုဇုန်များကို အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခု ချမှတ်ပြီး တက္ကသိုလ် အများအပြား ဖွင့်လှစ်ခဲ့ကာ အစိုးရ နည်းပညာ ကောလိပ်များကို ၁၉၉၉ ခုနှစ် ဝန်းကျင်တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လှစ်ခဲ့ပြီး ယင်းကောလိပ်များကို တက္ကသိုလ်အဖြစ် ၂၀၀၇ ခုနှစ်တွင် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment