Tuesday, May 6, 2014

အင်းလျားကန်ပေါင်အနီး ဓားပြတိုက်၍ ယာဉ်အား လုယူမောင်းနှင် သွားမှု ဖြစ်စဉ်မှ မသင်္ကာသူများကို ခေါ်ယူစစ်ဆေး နေသော်လည်း ကားပြန်မရသေး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အင်းလျားကန်ပေါင်အနီး  ဖြစ်ပွားခဲ့သော ဓားပြ တိုက် ၍ လက်ဝတ်ရတနာများနှင့် ယာဉ်အား လုယူမောင်းနှင်မှုဖြစ်စဉ်မှ မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေကြောင်း၊ ကားကိုမူ ပြန်မ ရသေးကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က မေ ၅ ရက် တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။
"ဒီဖြစ်စဉ်ကို တိုင်း၊ ခရိုင်အထူးရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူပေါင်းဆောင်ရွက်နေ ပါတယ်။ နောက်ပြီးဖြစ်စဉ်မှ မသင်္ကာသူ များကိုလည်း ခေါ်ယူ စစ်ဆေးနေပါတယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် နံနက် ၄ နာရီခွဲတွင် ကမာရွတ်မြို့နယ်နေ ကိုအောင်ငြိမ်းသန့်သည် ၎င်း၏ သူငယ်ချင်း များဖြစ်သည့် စိုးရန်နိုင်၊ မြင့်လွင်၊ ယွန်းငဲ့ဖြူ၊ ယမင်းကေခိုင်၊ မေသဇင်ဦးတို့နှင့်အတူ ပြည်လမ်းရှိ အင်းလျားကန်ပေါင်သို့ အဖြူရောင်လင်ခရူဆာယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ပြီး စိုးရန်နိုင်၊ မြင့်လွင်၊ ယွန်းငဲ့ဖြူ၊ ယမင်းကေခိုင်တို့မှာ ကန်ပေါင်ပေါ်သို့ ဦးစွာတက်သွား ခဲ့ပြီး ကိုအောင်ငြိမ်းသန့်နှင့် မေသဇင်ဦး တို့မှာ ယာဉ်ပေါ်တွင် ကျန်နေခဲ့စဉ် အမည်မသိ အမျိုးသား ငါးဦး ရောက် ရှိ လာကာ ကိုအောင်ငြိမ်းသန့်အား ချွန်ထက်သောအရာဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ အထိုးခံရမှုကြောင့် ယာလက်ဖျံပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး မမေသဇင်ဦးထံမှ စုစုပေါင်း ငွေကျပ် သုံးသိန်းခွဲခန့် ရှိ ရွှေလက်စွပ်နှစ် ကွင်းနှင့် ရွှေဆွဲကြိုးတစ်ကုံးတို့ကို ယူဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးကိုလည်း ယာဉ်နှင့်အတူ ခေါ်ဆောင်သွားခဲ့ကာ ရွာသာကြီး ကျေးရွာ၊ အမှတ်(၂) လမ်းမရှိ သပြေခြံ ကားမှတ်တိုင်အနီးတွင် ယာဉ်ပေါ်မှချထားခဲ့ပြီး အဆိုပါ အမျိုးသားငါးဦးမှ ယာဉ်အား ရယူ မောင်းနှင် သွားခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၉၅ ဖြင် အမှုဖွင့် ထားကြောင်း သိရသည်။

ELeven Media Group

No comments:

Post a Comment