Friday, May 2, 2014

ကျိုင်းတုံတွင် တစ်ဦးချင်း ကုန်သွယ်မှုကတ် ထုတ်ပေးမည်ဟု စီးပွား/ကူးသန်း ဝန်ကြီးဆို


 မြန်မာ-တရုတ် နယ်စပ်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ် ပြီးဖြစ်ရာ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်ငယ်များ ကုန်သွယ်မှု ပြုလုပ်နိုင် ရန်အတွက် တစ်ဦးချင်းကုန်သွယ်မှုကတ် Individual Trading Card (ITC) များကို ထုတ်ပေး မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောကြားသည်။ ဧပြီလ ၃၀ ရက် မွန်းလွဲ ၂ နာရီက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ဌာနဆိုင် ရာများ ကုန်သည်လုပ်ငန်းရှင်ကြီးများ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခြင်း ဖြစ်သည်။ ယခင်က သွင်းကုန်/ထုတ်ကုန် လိုင်စင်များ လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများ ရှိခဲ့သဖြင့် လက်ရှိ အချိန်တွင် ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်ငယ်များပါ ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ကို ထုတ်ပေးခြင်း ဖြစ်ရာ ယင်း ITC ကတ် ရရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖွင့်လှစ်သည့် ရက်တို သင်တန်းကို တက်ရောက်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အစိုးရသစ်အဖွဲ့ လွှဲပြောင်း လက်ခံစဉ်က နယ်စပ်ကုန်သွယ်ရေးကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံပဲ ရရှိပါတယ်။ လက်ရှိမှာ ၂၄ ဒသမ ၅ ဘီလီယံအထိ ရရှိနေပြီ ဆိုတော့ ယခင်ထက် ၉ ဘီလီ ယံကျော် တိုးတက်လာပါတယ်။ ၂၀၁၃-၂၀၁၄ မှာ ၂၅ ဘီလီယံကျော် ခန့်မှန်းထားပေမယ့် ဖြစ်နိုင်ရင် ၃၅ ဘီလီယံအထိ နယ်စပ်ကုန်သွယ်ရေး နည်းကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ဒါမှသာ နိုင်ငံတော်အတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ပိုမိုသုံးစွဲနိုင်မှာပါ။ ကုန်သည်တွေ အနေနဲ့လည်း မှန်မှန်ကန်ကန် ကုန်သွယ်မှုပြုပြီး အခွန်ပေးဆောင် စေလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာတွေကို ကူညီပေးပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
လက်ရှိတွင် မန္တလေးမြို့၌ တရားဝင် ရောင်းချနေသည့် ပရိဘောဂ အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူ သယ်ဆောင်ရာတွင် သစ်တောဦးစီးဌာနက ယင်းပရိဘောဂ ပစ္စည်းများကို သယ်ဆောင်ခွင့် မပြုကြောင်း အဆိုပါ အခမ်းအနား၌ ယင်းမြို့ခံ ကုန်သည်လုပ်ငန်းရှင် ဦးစိုင်းရွက်က ပြောကြားသည်။
တစ်ဦးချင်း ကုန်သွယ်မှု Individual Trading Card (ITC) ကတ် ထုတ်ပေးနိုင်ရန်အတွက် မေလ ၅ ရက်မှ ၉ ရက်အထိ ရက်တိုသင်တန်း ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် ITC ကတ်ကို ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်တို့မှ မြို့နယ်များတွင် နေထိုင်သည့် အသက် ၁၈ နှစ် ပြည့် ပြီးသူများသာ လျှောက်ထားနိုင်ပြီး မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူများမှာမူ လျှောက် ထားခွင့် မရှိကြောင်း ယင်းမြို့ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေး စခန်းထံမှ သိရသည်။
 မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးသော နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနှင့် မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ထန်တလန်၊ တမူးနှင့် ရိဒ် နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြဝတီ၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေး စခန်းတို့ ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment