Monday, May 12, 2014

မန္တလေးတွင် လေပြင်းတိုက်၍ ပြိုလဲဓာတ်တိုင်များ ရှင်းရာမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ အပါအဝင် သုံးဦး ဆေးရုံရောက်


မြို့ကြီးအချို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ပျက်စီးမှု အပြင် လူသေဆုံးသည် အထိ ဖြစ်ပေါ်နေရာ မန္တလေးမြို့တော်တွင်လည်း မေလ ၁၀ နေ့ ညနေပိုင်းက မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခဲ့ပြီး ယင်းကို ဖယ်ရှား ရှင်းလင်းရာမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ အပါအဝင် ဝန်ထမ်းသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူက ပြောကြားသည်။
“မနေ့ညနေက လေပြင်းတိုက်ပြီး သစ်ပင်တွေလဲတော့ ဓာတ်တိုင်ကို ပိပြီး ဓာတ်တိုင် ယိုင်နဲ့တာတွေ ကျိုးသွားတာတွေ ဖြစ်တယ်။ အဲ့ဒါတွေကို ဒီနေ့ မနက်ပိုင်း လိုင်းစစ်ဆေးရေး ဆောင်ရွက်နေ တဲ့ အောင်မြေသာစံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်မျိုးကို ဓာတ်အားလိုင်းကြိုးနဲ့ ရိုက်မိလို့ အခုလောလောဆယ် ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ် ကုသဆောင်မှာ အရေးပေါ် ခွဲစိတ်ကုသမှု
ခံယူနေပါတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက ဆိုသည်။
မန္တလေးခရိုင်အတွင်း မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်မှ စတင်ကာ လေပြင်းများ တိုက်ခတ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက် ရှိရာ အောင်မြေသာစံမြို့နယ် အတွင်းရှိ 33 KV ညောင်ကွဲ ဓာတ်အားလိုင်းမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ သွားရောက် စစ်ဆေးစဉ် ၈၉ လမ်း ၁၁ လမ်း ၁၂ လမ်းကြား၊ အမှတ် ၁ စည်ပင် စက်ရေတွင်း ဓာတ်အားခွဲရုံ အနီးရှိ သစ်ဆိမ့်ပင်မှာ အမြစ်မှ ကျွတ်ပြီး ဓာတ်အားလိုင်းပေါ်သို့ လဲကျရာ ဦးအောင်ကျော်မိုး ဓာတ်အားလိုင်းကြိုးဖြင့် ရိုက်မိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။
ကျန်နှစ်ဦးသည် ခန္ဓာကိုယ်တွင် ဒဏ်ရာ အနည်းငယ်စီ ရရှိပြီး ဆေးရုံတွင် တက်ရောက် ကုသခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူထံမှ သိရှိရသည်။
အဆိုပါ သစ်ဆိမ့်ပင်ကြီး ပြိုလဲမကြောင့် 33 KV မြောက်ပြင် ဓာတ်အားလိုင်းမှ ၁၂ မီတာ အရှည်ရှိ ကွန်ကရစ်တိုင် ၉ တိုင်နှင့် 11 KV ညောင်ကွဲ ရေပေးဝေရေး ဓာတ်အားလိုင်းမှ ၁၀ မီတာ အရှည်ရှိ ကွန်ကရစ်တိုင် ၈ တိုင် ပြိုလဲပြီး တန်ဖိုး ကျပ်သိန်း ၅၀ ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ဓာတ်တိုင်များ ပြိုလဲမှုကြောင့် အောင်မြေသာစံမြို့နယ် အတွင်းရှိ ရပ်ကွက် ၁၁ ခု ဓာတ်အား ပြတ်တောက်သွားကာ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ရပ်ကွက် ၉ ခုကို ဓာတ်အား ပြန်လည် ဖြန့်ဖြူးနိုင်ပြီး ကျန်ညောင်ကွဲ ရပ်ကွက်၊ မင်းတဲအီကင်း ရပ်ကွက်၊ အောင်မြေသာစံ ရပ်ကွက်တို့ကို ညနေ ၆ နာရီအပြီး ဓာတ်အား ပြန်လည် ရရှိအောင် ပြုပြင် ပြင်ဆင်နေကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းထံမှ ထပ်မံသိရှိရသည်။
“ညက မီး ၁၁ နာရီလောက်က ပျက်တယ်။ အခုထိ မလာသေးဘူးရှင့်” ဟု အောင်မြေသာစံ မြို့နယ် ညောင်ကွဲ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဒေါ်လှလှဦးက မေလ ၁၁ ရက်နေ့တွင် ဆိုသည်။
ယင်းနေ့က မန္တလေးမြို့ပေါ်တွင် လေပြင်း တိုက်ခတ်သွားနှုန်းမှာ တစ်နာရီလျှင် ၁၈ မိုင်နှုန်းမှ ၂၀ မိုင်နှုန်းအထိ ဖြစ်ပြီး မိုးရေချိန် ၁ လက်မကျော် ရွာသွန်းကြောင်း မေလ ၁၀ ရက်နေ့က တိုက်ခတ်သွားသော လေတိုက်မိုင်နှုန်းမှာ ၂၀၁၄ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်း ဖြစ်ပြီး မုတ်သုံရာသီ ရောက်ရှိပါက ယင်းနှုန်းများထက် ပိုမိုတိုက်ခတ်ဖွယ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment