Saturday, May 3, 2014

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲမှု ပြီးစီးပြီဖြစ်၍ ပြည်သူသို့ မကြာမီချပြကာ အကြံပြုချက်များ ရယူမည်

ကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲမှုမှာ ပြီးစီးနေပြီဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းများကို ပြည်သူသို့ ချပြကာ အကြံဥာဏ်များ ရယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မေ ၂ ရက်က ပြောကြားသည်။အဆိုပါဥပဒေများ ရေးဆွဲရေးအတွက် ကော်မရှင်တစ်ရပ်ကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် မတ် ၇ ရက်က ဖွဲ့စည်းပေးခဲ့ပြီး အစည်းအဝေး သုံးကြိမ်ပြုလုပ်ကာ ဥပဒေကြမ်းများကို အပြီးသတ်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိရေးဆွဲထားသော ဥပဒေကြမ်းများမှာ ကော်မရှင်၏ ဥပဒေမူကြမ်းများသာဖြစ်ပြီး ပြည်သူများ၏ အကြံဥာဏ်များကို ရယူပြီးပါက လိုအပ်သည်များကို ပြန်လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း ကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဦးမြင့်ကြိုင်က ပြောကြားသည်။

"မကြာခင် ကျွန်တော်တို့ ပြည်သူလူထုကို သတင်းစာကနေ ချပြပါ့မယ်။ အခု တစ်ရက်နှစ်ရက် အတွင်းမှာ ချပြမယ်ထင်ပါတယ်။ အားလုံးပြီးပါပြီ။ မူကြမ်းကို ချပြပါ့မယ်။ အဲဒါတွေကို သတင်းစာကနေ ပြည်သူလူထုကို ချပြပြီးတော့ အကြံဥာဏ်တွေ တောင်းပါ့မယ်။ အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ အားလုံးရဲ့အကြံဥာဏ်ကို ယူပြီးတော့မှ နောက်တစ်ကြိမ် ကျွန်တော်တို့ အသစ်ပြန်ပြီး မူကြမ်းဆွဲပါ့မယ်" ဟု ဦးမြင့်ကြိုင်က ဆိုသည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် လိုအပ်ပါက ပွင့်လင်းမြင်သာစွာဖြင့် အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သင့်သော အချက်အလက်များ ဖော်ထုတ်ရန်၊ ဥပဒေကြမ်းရေးဆွဲရာတွင် အခြေခံရမည့် အချက်များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ပြီး ကွဲပြားသော ဘာသာအယူဝါဒ ရှိနေမှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရေးတို့ကို အလေးထား သုံးသပ်ရေးဆွဲရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ရေရှည်အကျိုးရှိစေပြီး တစ်နိုင်ငံလုံး လွှမ်းခြုံကျင့်သုံးနိုင်စေရန် စသည့်အချက်များ ပါဝင်သည်။

ကိုးကွယ်ခြင်းဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြ၀ါဒါစရိယ ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးကာ သမ္မတဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအတွက် အဆိုပါဥပဒေများကို ပြဋ္ဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားပေးရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအပေါ်တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် သာသနာရေး ၀န်ကြီးဌာနနှင့် လည်းကောင်း၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် လည်းကောင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် လည်းကောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် လည်းကောင်း သက်ဆိုင်နေသည့်အတွက် အဆိုပါ သက်ဆိုင်ရာ ၀န်ကြီးဌာနများ အနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပြန်လည် ပေးပို့ခဲ့သည်။

ယင်းအတွက်ကြောင့် သမ္မတဦးသိန်းစိန်က အဆိုပါဥပဒေကြမ်း လေးခုမှ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများကို စတင်ရေးဆွဲရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မရှင်အနေဖြင့် အပြီးသတ် ပြုစုရေးဆွဲပြီးသည့် ဥပဒေကြမ်းနှစ်ရပ်ကို ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ သမ္မတထံ တင်ပြရမည်ဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းနှစ်ရပ်အား ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ကော်မရှင်လုပ်ငန်းတာဝန် ပြီးဆုံးမည်ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် စင်ကာပူတွင်လည်း အိမ်ထောင်ရေးဆိုင်ရာ ဥပဒေကို အက်ဥပဒေနှစ်ရပ်ဖြင့် အုပ်ချုပ်ပြီး Administration of Muslim Law Act (AMLA) တွင် အကျုံးဝင်သည့် Muslim Law Act နှင့်အမျိုးသမီး ပဋိညာဉ် (Women's Charter) တို့ဖြစ်ကြောင်း သိရသည်။ မွတ်စလင်တို့၏ လက်ထပ်ထိမ်းမြားမှုကို အမျိုးသမီး ပဋိညာဉ်ကို အုပ်ချုပ်သည့် Civil Registry (ROM) နှင့် Registry of Muslim Marriage (ROMM) တို့က ထုံးတမ်းနှင့်ညီအောင ပြုလုပ်ပေးကြောင်း သိရသည်။ စင်ကာပူတွင် မွတ်စလင်အမျိုးသား တစ်ဦးနှင့် မွတ်စလင် မဟုတ်သူတို့ လက်ထပ်ခြင်းကို ခွင့်မပြုကြောင်း သိရသည်။ မွတ်စလင် မဟုတ်သော သတို့သမီးအနေဖြင့် ဘာသာပြောင်းရန်အတွက် တစ်နှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး တွေ့ဆုံ မေးမြန်းသူများက သတို့သားအနေဖြင့် ဘာသာပြောင်းလာသူ သတို့သမီးကို ဇနီးမယားအဖြစ်နှင့် မွတ်စလင်တစ်ဦးအဖြစ် လမ်းညွှန်နိုင်ရန်အတွက် ပြည့်စုံကြောင်းလည်း မေးမြန်းကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment