Friday, May 23, 2014

အပစ်ရပ်မူကြမ်း ယနေ့ အပြီးသတ်မည်၊ ကွဲလွဲချက်အားလုံး ညှိနှိုင်း ပြေလည်ဟု နှစ်ဖက်ပြောကြား

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးတွဲပြုစုနေသော တစ်ပြည်လုံးအဆင့် အပစ်ရပ် စာချုပ်မူကြမ်း ဒုတိယအဆင့်ကို ယနေ့ (မေလ ၂၃ ရက်) အပြီးသတ် ဆွေးနွေးမည် ဖြစ်ပြီး မေလ ၂၂ ရက်နေ့ထိ ဆွေးနွေးမှုများအရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား ရှိနေသော စာချုပ်အပေါ် သဘောထား ကွဲလွဲမှုများလည်း ပြေလည်အောင် ညှိနှိုင်း ထားကြောင်း နှစ်ဖက်ခေါင်းဆောင် များက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ မေလ ၂၁ ရက်နေ့မှ စတင်၍ အပစ်ရပ်မူကြမ်း ညှိနှိုင်းရေး
တတိယအကြိမ် ဆွေးနွေးပွဲကို ပြုလုပ်လျက် ရှိရာ မေလ ၂၃ ရက်နေ့တွင် ဒုတိယအဆင့် မူကြမ်းကို အပြီးသတ် ညှိနှိုင်းရန် သဘောတူခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီနေ့ အခန်း (၅) အထိ ဆွေးနွေး သဘောတူပြီး ဖြစ်လို့ ကျန်တဲ့ နှစ်ခန်းကို မနက်ဖြန် (မေ ၂၃ ရက်) အပြီးသတ် ဆွေးနွေးနိုင်ပါမယ်။ တော်တော်များများ သဘောတူညီမှု ရထားတယ်” ဟု ဖဒိုစောကွယ်ထူးဝင်းက အတည်ပြုသည်။

သို့သော် အစိုးရနှင့် NCCT အကြား သဘောတူ ညှိနှိုင်းနိုင်ခဲ့သော အချက်အလက် အချို့ကို အစိုးရ ကိုယ်စားလှယ်အဖွဲ့က သမ္မတဦးသိန်းစိန် ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီထံမှ အတည်ပြုချက် ရယူရန် လိုအပ်မည် ဖြစ်ပြီး တိုင်းရင်းသား အဖွဲ့များကလည်း သက်ဆိုင်ရာ ခေါင်းဆောင်များထံ ပြန်လည် အတည်ပြုရမည် ဖြစ်ကြောင်း MPC မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောဆိုသည်။

ယနေ့ ဆွေးနွေးပွဲတွင် သဘောတူညီသော်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ သို့မဟုတ် တိုင်းရင်းသား ခေါင်းဆောင်များက အတည်မပြုနိုင်ပါက ထပ်မံဆွေးနွေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဖက်ဒရယ် အပါအဝင် တိုင်းရင်းသားများ၏ အဆိုပြုချက်များကို အစိုးရ ကိုယ်စားလှယ် အဖွဲ့က လက်ခံလိုက်ပြီး အစိုးရ အဆိုပြုချက် အချို့ကိုလည်း တိုင်းရင်းသားများက ပြန်လည် အလျှော့ပေးထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တစ်ပြည်လုံးအဆင့် အပစ်ရပ်စာချုပ် ညှိနှိုင်းမှုနှင့် လက်မှတ်ရေးထိုးရေး ကြန့်ကြာနေမှုမှာ အပစ်ရပ်အဆင့်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်တွင် ပြုလုပ်ရန် အဆိုပြုချက်များ နှစ်ဖက် ကွဲလွဲနေ၍ ဖြစ်ကြောင်း၊ ယခု ဆွေးနွေးပွဲ သဘောတူညီချက်များကို ခေါင်းဆောင် အသီးသီးက အတည်ပြု လက်ခံနိုင်မည် ဆိုလျှင် အပစ်ရပ်လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ထုတ်ဖော် ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်အတွက် နှစ်ကြိမ်ခန့် ထပ်မံ ဆွေးနွေးပြီးပါက လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း၊ မူလ ရည်မှန်းထားသည့် သြဂုတ်လ မတိုင်မီ ပြုလုပ်ရန် မသေချာသော်လည်း ၂၀၁၄ ခုနှစ်အတွင်း စာချုပ် လက်မှတ်ထိုးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ပြောဆိုသည်။

NCCT က အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် သဘောတူခဲ့သော အခြေခံမူ အပါအဝင် အချက်အလက်များကို တိုင်းရင်းသား ခေါင်းဆောင်များထံမှ အတည်ပြုချက် ရယူနိုင်ရေး တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကျင်းပသွားရန် အဆိုပြုထားပြီ ဖြစ်ကြောင်း၊ အချိန်အတိအကျနှင့် ညီလာခံ ကျင်းပမည့် နေရာကိုမူ အတည်မပြုနိုင်သေးကြောင်း NCCT ထံမှ သိရသည်။

မေလ ၂၁ ရက်နေ့ အပစ်ရပ်စာချုပ် ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များ လိုလားသော ဖက်ဒရယ် အနှစ်သာရကို တပ်မတော် အပါအဝင် အစိုးရကိုယ်စားလှယ် အဖွဲ့က သဘောတူလိုက်ပြီး ဖက်ဒရယ်စနစ် အဓိပ္ပာယ် ဖွင့်ဆိုချက် အတားအဆီးကို ကျော်လွှားနိုင်ခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင် များက ပြောဆိုထားသည်။

ွှ့The Voice Weekly

No comments:

Post a Comment