Monday, June 9, 2014

ပြည်သူတို့၏ ရွေးချယ်ခွင့်ကို သံဃာတော်များ ဖိအားမပေးသင့်

ကာတာနိုင်ငံအခြေစိုက် အူရီးဒူးဆက်သွယ်ရေးကုမ္ပဏီကို သပိတ်မှောက်ရန် ကြိုးပမ်းနေသည့် ရဟန်း အချို့၏ လှုံ့ဆော်မှုကို ရည်ညွှန်းလျက် ပြည်သူတို့၏ ရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်စေမည့် ဖိအားများ မပေးသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမသို့ ပြောဆိုလိုက်သည်။

“ကုမ္ပဏီက ပေးအပ်တဲ့ ၀န်ဆောင်မှုအပေါ်မူတည်ပြီး စားသုံးသူရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ ဒါကို ဘယ်သူကမှ ၀င်ပြီး ဖိအားပေးဖို့မသင့်ပါဘူး” ဟု ဦးရဲထွဋ်က တုံ့ပြန်သကဲ့သို့ “ဘာသာရေးကြောင့် မသုံးပါနဲ့လို့ ပြောလို့ မရပါဘူး”ဟု မဇ္ဈိမ၏ မေးမြန်းမှုကို အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။
အူရီးဒူးကုမ္ပဏီ၏ ဆက်သွယ်ရေးပစ္စည်းများ ၀ယ်ယူသုံးစွဲမည့် ဗုဒ္ဓဘာသာဝင်တို့သည် “ကိုယ့်အမျိုး ကိုယ်ပြန်ဖျက်မယ့် ပုဂ်္ဂိုလ်” ဟု မကွေးကျောင်းတိုက်ဆရာတော် အရှင်ပါမောက္ခက ရှုတ်ချထားပြီး အူရီးဒူးဆန့်ကျင်ရေးဟောပြောပွဲနှင့် အခွေများ ဖြန့်ဝေမည်ဟုလည်း ဇွန်လ ၇ ရက်က မိန့်ကြားခဲ့မှုအပေါ် အမြင်ကို မေးမြန်းရာတွင် ဦးရဲထွဋ်က ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်က ဖုန်းကတ်ဈေးနှုန်းများ အလွန်ကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားအားလုံးနီးပါး ၀ယ်ယူသုံးစွဲနိုင်ခြင်း မရှိခဲ့ပေ။ ပြုပြင်ပြောင်းလဲရေး စတင်လိုက်ပြီးနောက် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံ သူများနည်းတူ ဆက်သွယ်ရေးကဏ္ဍတွင်လည်း ဈေးနှုန်းချိုသာသည့် ဖုန်းကတ်များကို နော်ဝေ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာအခြေစိုက် အူရီးဒူးကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံလာခြင်းဖြစ်သည်။

သို့သော် ကိုးကွယ်ယုံကြည်မှုကွဲပြားခြင်းကို အခြေခံလျက် ဗုဒ္ဓဘာသာရဟန်းအချို့ ဦးဆောင်ကာ ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိနေသည်။ အရှင်ပါမောက္ခက အူရီးဒူးကုမ္ပဏီမှထုတ်သည့် ဖုန်းနံပါတ်ဖြင့် ဆက်လာသည့် ဖုန်းကို လက်ခံဖြေကြားမှု မပြုရန်နှင့် လစာပမာဏ မည်မျှပင်ပေးစေကာမူ ထိုကုမ္ပဏီတွင် အလုပ်မလုပ်ရန်လည်း တိုက်တွန်းခဲ့သေးသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် အစိုးရအဖွဲ့၏ ပြန်ကြားရေး ဒု-၀န်ကြီးဖြစ်သူ ဦးရဲထွဋ်ကိုယ်တိုင်ကပင် “ကျွန်တော့်ကို ဘယ်ဖုန်းသုံးမလဲလို့မေးရင် ကျွန်တော့်လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲ့ ဖုန်းကို သုံးမှာပဲလို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

အလားတူပင် လူမျိုးရေး၊ ဘာသာရေးကို မကြည့်ဘဲ ၀န်ဆောင်မှုအပေါ်မူတည်ပြီးသာ သုံးစွဲရန်သင့်၊ မသင့် ဆုံးဖြတ်သင့်သည်ဟုလည်း အိုင်တီနည်းပညာရှင်တစ်ဦးဖြစ်သည့် ကိုညီညီက မှတ်ချက်ပြုသည်။

အူရီးဒူးကုမ္ပဏီ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိခွာညိုကမူ ပြည်သူလူထုအတွက် ကုမ္ပဏီက ၀န်ဆောင်မှုကောင်းများ ဆောင်ကြဉ်းနိုင်မည်ဆိုပါက သံသယစိတ်များအလိုလို ပျောက်ကွယ် သွားလိမ့်မည်ဟု ပြောခဲ့သည်။
သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကလည်း ယခုလှုံ့ဆော်မှု အပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အနှောင့်အယှက် မဖြစ်စေချင်ဘူးဟု ပြောသည်။

ကန့်ကွက်လှုပ်ရှားမည့် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဟောပြောပွဲများ၊ အသိ ပညာပေး ဖြန့်ချိမှုများ ပြုလုပ်မည်ဟုဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment