Saturday, June 7, 2014

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရလမ်း ငါးလမ်း ထပ်မံတိုးမည်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေအဖြစ် ၇၇လမ်း သတ်မှတ်ဆောင်ရွက်နေရာမှ နောက်ထပ်ငါးလမ်း ထပ်မံတိုးချဲ့မည်ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရန်ကုန်တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးကြီး ဦးလင်းထွဋ်က ဇွန်လ ၆ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ဆီမှာ ကားတွေ တင်သွင်းနေတာ ပြဿနာမရှိပေမယ့် ယာဉ်ရပ်နားစခန်း အလုံ အလောက် မရှိခြင်းက ပြသနာတစ်ခုဖြစ်နေပါတယ်။ ယာဉ်မရပ်နေရာ သတ်မှတ်အရေးယူရတာက ယာဉ်လမ်းကြောပိတ်ဆို့မှု ကင်းရှင်းအောင်ပါ”ဟု ဦးလင်းထွဋ်က ဆိုသည်။

ယာဉ်မရပ်ရနယ်မြေအဖြစ် အနောက်မြင်းပြိုင်ကွင်းလမ်းဆုံမှ ဦးချစ်မောင်လမ်းဆုံအထိ၊ လေးထောင့် ကန် လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းဆုံမှ အနောက်မြင်းပြိုင်ကွင်းလမ်းဆုံ (အဝိုင်းလေး)အထိ ယင်းမှတစ်ဆင့် မိုးကောင်းလမ်းအတိုင်း ကန်ဘဲ့ လမ်းဆုံအထိ၊ ကြားတောရလမ်းနှင့် ဗဟန်းလမ်းဆုံမှ ကြားတောရလမ်းအတိုင်း ရေတာရှည်လမ်းဟောင်းအဆင်းအထိ၊ ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းဆုံမှ ရန်ရှင်းလမ်းအတိုင်း စက်မှု(၁) လမ်းဆုံအထိ၊ အာဇာနည်လမ်းနှင့် ဦးမောင်ခိုလမ်းဆုံမှ အာဇာနည်လမ်း အတိုင်း အနောက်ရွေဂုံတိုင်လမ်းဆုံအထိ ငါးလမ်းတွင် တိုးချဲ့ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ထပ်မံပေါင်းစည်းလိုက်သည့် ယာဉ်မရပ်ရနေရာ အပါအဝင် ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရနေရာပေါင်း ၈၂ လမ်းအထိရှိပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့ဖြင့် ဇွန် ၁ ရက်မှ ဇွန် ၅ ရက် အတွင်း ဖမ်းဆီးအရေးယူမှုပေါင်း ၂၂၁၆ မှုအထိရှိသည်ဟု ရဲမှူးကြီးကဆိုသည်။


Mizzima

No comments:

Post a Comment