Friday, June 20, 2014

ကျပ် တစ်သောင်းတန် ငွေစက္ကူအတုဖြင့် လူသုံးကုန် ပစ္စည်း လိုက်လံ ၀ယ်ယူနေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်အတွင်း ငွေစက္ကူကျပ် ၁၀၀၀၀ တန်အတုများ ကိုင်ဆောင်၍ လူသုံးကုန် ပစ္စည်းများ လိုက်လံ ဝယ်ယူနေသူ အမျိုးသား တစ်ဦးကို ဇွန် ၁၆ ရက် ည ၉ နာရီက သတင်းအရ လိုက်လံ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ယင်းဖြစ်စဉ်မှာ ဇွန် ၁၆ ရက် ည ၈ နာရီခန့်တွင် အမှတ်(၄၇) ဗဟိုရ်စည်လမ်း၊ ၁၉ ရပ်ကွက်အတွင်းရှိ၊ အနန္တမေတ္တာ ဆေးပစ္စည်း အရောင်းဆိုင် တစ်ဆိုင်၌ အော်ရာမင်းဂျီ ဆေးကတ် နှစ်ကတ်ကို ၁၉၀၀ ကျပ်ဖြင့် ဝယ်ယူသွားသော အမျိုးသား တစ်ဦးက ငွေ ၁၀၀၀၀ ကျပ်တန်ဖြင့် ကျသင့်ငွေအား ရှင်းလင်းပေး သဖြင့် ဆိုင်ရှင်ဖြစ်သူက ပိုငွေကျပ် ၈၁၀၀ အား ပြန်လည် ရှင်းလင်းပေးခဲ့သည်။
၎င်းအမျိုးသား ပေးခဲ့သည့်ကျပ် ၁၀၀၀၀ ကျပ်တန်အား လက်ခံ ရယူထားပြီး ဈေးဝယ်သူ ပြန်လည် ထွက်ခွာသွားပြီးမှ အဆိုပါကျပ် ၁၀၀၀၀ တန်အား မသင်္ကာဖွယ်ရာ သုံးသပ်မိသဖြင့် အမှတ် (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့် တာဝန်ရှိသူများ၊ နယ်ထိန်း တပ်ဖွဲ့ဝင်များကို ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်။
အဆိုပါ အဖွဲ့ဝင်များက ရပ်ကွက် အတွင်း လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ်၊ အမှတ် (၆၅၀/က) သမစိတ္တလမ်း အတွင်းရှိ ရောင်းချနေသော ဦးရန်အောင်နိုင်၏ မုန့်ဆိုင်တွင် မုန့်ဝယ်နေသော အသက် ၂၀ ခန့်ရှိ ဆံပင်နက်ဘေးခွဲ၊ နဖူးအနည်းငယ် ပြောင်၊ နှာတံပေါ်၊ နှုတ်ခမ်းပါး၊ စကားဝဲ အမည်မသိ အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ခေါ်ယူ မေးမြန်းနေစဉ် ၎င်းအမျိုးသားက ၎င်းစီးနင်းလာသည့် မစီးနီညိုရောင် (ဂျပန်) စက်ဘီးအား ထား၍ ကိုယ်လွတ်ရုန်း ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။
အဆိုပါဖြစ်စဉ်အရ ကျပ် ၁၀၀၀၀ တန် (အတုဟု ယူဆရသော) ငွေစက္ကူနှစ်ရွက်နှင့် ဂျပန်စက်ဘီး နီညိုရောင် တစ်စီးအား သိမ်းဆည်းရယူခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ အပိုင်နယ်ထိန်း တပ်ဖွဲ့ဝင်များက လှိုင်သာယာ မြို့နယ်၊ မြို့မရဲစခန်းနှင့် တာဝန်ရှိသူများထံ ဆက်လက် တင်ပြထားပြီး တရားခံအား စုံစမ်းနေကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment