Wednesday, June 18, 2014

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စမ်းသပ်တိုင်းတာပြီး သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု အဆင့် ၄၁ တွင်ရှိနေ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စမ်းသပ်တိုင်းတာပြီး သဘာဝ ဓာတ်ငွေ့ ပိုင်ဆိုင်မှု အဆင့် ၄၁ တွင် ရှိနေပြီး ရေနံစိမ်းပိုင်ဆိုင်မှုမှာ အဆင့် ၇၈ တွင် ရှိနေကြောင်း ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ IBC ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိက စဉ်းစားစရာများ စာတမ်းဆွေးနွေးပွဲမှ သိရသည်။

မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ အာရှဖောင်ဒေးရှင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးဌာနတို့သည် မြန်မာနိုင်ငံဒေသဆိုင်ရာ အုပ်ချုပ်မှုစနစ် ဆွေးနွေးချက် စာတမ်းများမှ အဆိုပါစာတမ်းသည် လေးခုမြောက် စာတမ်းဖြစ်ကြောင်းလည်း သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ စွမ်းအင်ကဏ္ဍ အကဲဖြတ် ဆန်းစစ်ချက် အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူနိုင်ရန် ကုန်းတွင်းလုပ်ကွက် (onshore) ၅၃ ကွက်၊ ကမ်းလွန် (offshore) ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက်ကို သတ်မှတ်ဖော်ထုတ်ထားကြောင်းနှင့် တိုင်းတာစမ်းသပ်ချက်အရ ရေနံစည် သန်း ၁၆၀ နှင့် သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၁၁ ထရီလီယံကုဗပေ ရှိမည်ဖြစ်ကြောင်း သိရသည်။

တရားဝင် ကိန်းဂဏန်းများအရ ပြည်ပသို့ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်စိမ်း၊ ကျောက်မျက်၊ သတ္တုများနှင့် သစ်တင်ပို့မှု ပမာဏမှာ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် နိုင်ငံ၏ ပို့ကုန်တန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ မျှ သို့မဟုတ် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းခန့် ရှိရာတွင် သဘာဝဓာတ်ငွေ့ တစ်ခုတည်း တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံရရှိကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့မှာ အစိုးရ၏ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံဂျီဒီပီ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ် များနှင့် ဒေသ ဆိုင်ရာ အစိုးရများ၊ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိက စဉ်းစားစရာများ စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍ၌ လက်ရှိတွင် ကုန်းတွင်းလုပ်ကွက် ၁၇ ကွက်တွင် နိုင်ငံခြားကုမ္မဏီ ၁၆ ခု ပါဝင်လုပ်ကိုင်နေပြီး ကမ်းလွန်လုပ်ကွက် ၂၀ တွင်မူ နိုင်ငံခြားကုမ္ပဏီ ၁၅ ခုမှ စမ်းသပ်ရှာဖွေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။ မြန်မာနိုင်ငံသည် ၂၀၁၄ခု နှစ် မတ်လအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေမှုများအတွက် ရေတိမ်လုပ်ကွက် ၁၀ ကွက်နှင့် ရေနက်လုပ်ကွက် ၁၀ ကွက်ကို အိတ်ဖွင့်တင်ဒါ ခေါ်ယူပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် စမ်းသပ်တိုင်းတာပြီး သဘာဝဓာတ်ငွေ့မှာ ၂၀ ဒသမ ၁၁ ထရီလီယံကုဗပေခန့်ရှိပြီး ရှာဖွေမှုအရ များပြားစွာ တွေ့ရှိနိုင်သည့် အလားအလာများ ရှိနေကြောင်း မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိက စဉ်းစားစရာများ စာတမ်းတွင် ဖော်ပြထားသည်။

အဓိက ကမ်းလွန်စီမံကိန်းများမှာ ရတနာ၊ ရဲတံခွန်၊ ဇောတိကနှင့် ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်ပြီး အခြားကုန်းတွင်း သဘာဝဓာတ်ငွေ့ လုပ်ငန်းလုပ်ကွက် ၆၅ ခုလည်းရှိကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ အနေဖြင့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ တရုတ်နိုင်ငံသို့ သွယ်တန်းထားပြီး ရတနာနှင့် ရဲတံခွန်ပိုက်လိုင်းများမှာ ထိုင်းနိုင်ငံသို့ သွယ်တန်းထားကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရငွေများသည် မြန်မာနိုင်ငံ ဘတ်ဂျက်အတွင်းသို့ တိုက်ရိုက်နှင့် သွယ်ဝိုက်လမ်းကြောင်းများ (အခွန်နှင့် အခွန်မဟုတ်သော ရငွေများ) မှ ၀င်ရောက်ကြောင်း၊ ရေနံထက် သဘာဝဓာတ်ငွေ့မှ ပိုမိုရရှိကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တစ်မျိုးတည်း တင်ပို့ရောင်းချမှုမှ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရရှိပြီး နိုင်ငံ၏ တင်ပို့မှုစုစုပေါင်း၏ ရာခိုင်နှုန်း ၃၀ ရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment