Tuesday, June 24, 2014

ရန်ကုန်-မူဆယ် ကုန်တန်ဆာခနှုန်းထားသည် အာဖရိကသို့ ရေကြောင်းဖြင့် တင်ပို့မှုနှင့်တန်းတူဖြစ်နေဟုဆို

ရန်ကုန်မှ မူဆယ်သို့ တင်ပို့သည့် ဆန်တစ်တန်၏ ကုန်ကျစရိတ်မှာ ရန်ကုန်မှ အာဖရိကသို့ တင်ပို့သည့် ဆန်တစ်တန်၏ ကုန်ကျစရိတ်နှင့်ညီမျှနေသည်ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း ရှင်များ အသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က တန်ဆာခ ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး ပြောသည်။
ယင်းသို့ကုန်ကျစရိတ်ကြီးမြင့်နေခြင်း မှာ အောက်ခြေလူတန်းစားဖြစ်သည့် တောင်သူလယ်သမားများ အပေါ် ထိခိုက်မှုများရှိနေသဖြင့် အသင်းနှင့် ပြန်လည်ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

“ရန်ကုန်ကနေမူဆယ်ပို့တဲ့ ဆန်တစ်တန်ရဲ့ကုန်ကျစရိတ်က ဒေါ်လာ ၈၀ ကုန်တယ်။ အဲဒီကုန်ကျစရိတ်က ရန်ကုန်ကနေ အာဖရိကကိုပို့တဲ့ ကုန်ကျစရိတ်နဲ့ညီမျှ နေတယ်။ ကုန်သွယ်မှုကုန်ကျစရိတ်ကြီး မြင့်နေမှုကို အဓိကခံရတဲ့သူက လယ်သမားတွေပဲ ဖြစ်တယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ရန်ကုန်-မူဆယ်ကုန်သွယ်မှု တန်ဆာခကြီးမြင့်နေခြင်းနှင့်ပတ်သက်ပြီးအစိုးရက လမ်းခရီးတစ်လျှောက် မလိုအပ်သည့် ကုန်ကျစရိတ်များ လျှော့ချပေးမှသာ တန်ဆာခနှုန်းထား လျော့ကျလာမည်ဟု ဇွန်လ ၂၂ ရက် က အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်း၏ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးပွဲတွင် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

“ ရန်ကုန်-မူဆယ် ကုန်တင်ပို့တဲ့တန် ဆာခကြီးမြင့်နေတယ်ဆိုတာ မှန်ပါတယ်။ ၁၂ ဘီးကားတစ်စီးကို ကုန်တန်ချိန် ၁၇ တန်ပဲတင်လို့ရတယ်။ အာဖရိကကိုပို့တဲ့ သင်္ဘောတွေဆိုတာ တန်ချိန်သောင်းနဲ့ချီတင်လို့ ရတယ်။ နောက်ပြီး ကျွန်တော်တို့မှာ စက်သုံးဆီဈေး၊ လမ်းခရီးမှာပေးရတဲ့ ကုန်ကျစရိတ်တွေရှိသေးတယ်။ အဲ့ဒီလမ်းခရီး ကုန်ကျစရိတ်တွေလျှော့ချပေးမှ တန်ဆာခလည်းကျလို့ရမှာ ” ဟု ၎င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းကို နယ်စပ် ကုန်သွယ်ရေးမှ ရရှိရန်လျာထားပြီး ဧပြီလ ၁ရက်မှ ဇွန်လ ၁၃ရက်အထိ နယ်စပ်ကုန်သွယ်မှု ၈၁၇ ဒသမ ၀၉၂ သန်းရှိကာ မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှာ အဓိကနယ်စပ်ကုန်သွယ်မှု ၀င်ပေါက်တစ်ခုဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment