Thursday, June 26, 2014

အဓိပတိအဖြူယာဉ်လိုင်း ယာဉ်စီးခနှုန်းတိုးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြ

သဘာဝဓာတ်ငွေ့ (CNG) လုံလောက်စွာ မရရှိ၍ ဒီဇယ်ဆီဖြင့် ပြေးဆွဲပေးနေရသော ပါရမီ၊ အဓိပတိ အဖြူယာဉ်လိုင်း၏ အမြတ်ငွေရရှိမှု နည်းပါးသောကြောင့် ယာဉ်စီးခနှုန်းထားများကို ကျပ် ၂၀၀ မှ ကျပ် ၃၀၀ သို့ တိုးမြင့်နိုင်ရန် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးသို့ တင်ပြထားသည်ဟု ဗန္ဓုလပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမြင့်က ဇွန်လ ၂၄ ရက်တွင် မဇ်္ဈိမကို ပြောသည်။
ပါရမီယာဉ်များကို CNG ဓာတ်ငွေ့ဖြင့် ပြေးဆွဲပါက ယာဉ်တစ်စီးအတွက် တစ်ရက် ကုန်ကျနှုန်းမှာ ကျပ် ၁၅,၀၀၀ သာရှိပြီး ဒီဇယ်ဆီဖြင့် ပြေးဆွဲရသည့်အခါ တစ်ရက်ကုန်ကျငွေမှာ ကျပ် ၄၅,၀၀၀ အထိရှိသောကြောင့် ယာဉ်စီးခနှုန်းထားကို တိုးမြင့် ကောက်ခံနိုင်ရန် တင်ပြရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“အခုလက်ရှိမှာ တင်သွင်းထားတဲ့ကားတွေက အသစ်တွေဆိုတော့ ယာဉ်စီးခကျပ် ၂၀၀ နဲ့ပြေးဆွဲရင် အရင်းကြေဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ယဉ်စီးခကို ကျပ် ၃၀၀ နဲ့ ပြေးဆွဲခွင့်ပြုဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံးကို တင်ပြထားပါတယ် ”ဟု ဦးမျိုးမြင့်က ပြောသည်။
ပါရမီ (အဓိပတိ) အဖြူယာဉ်လိုင်းကို ၂၀၁၃ ခုနှစ် ဧပြီလမှစတင်၍ ဒီဇယ်အသုံးပြုသော ဘတ်စ်ကား အစီးရေ ၃၅ စီးဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
အဓိပတိ အဖြူယာဉ်လိုင်းမှာ ပါရမီ-စံပြ ဈေး-တာမွေ-ဆူးလေ-ကြည့်မြင်တိုင်-သီရိမင်္ဂလာဈေး- ဘုရင့်နောင်-ကျိုက်ဝိုင်း-ရှစ်မိုင်- ချော်တွင်းကုန်း- ပါရမီ -မြောက်ဒဂုံလမ်းကြောင်းအတိုင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုဖြစ်သည်ဟု လိုက်ပါစီးနင်းလေ့ရှိသော ခရီးသည်တစ်ဦးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် လိုင်းကားများ၏ ၀န်ဆောင်မှုပုံစံဖြင့် ယာဉ်စီးခ တိုးမြင့်ကောက်ခံပါက ခရီးသည်များက လက်ခံမည်မဟုတ်ကြောင်း၊ လက်ရှိတွင် ယာဉ်စီးခ တိုးကောက်သောကြောင့် တိုင်ကြားသည့်အမှုမှာ တစ်လလျှင် ပျမ်းမျှ ခုနစ်မှုအထိရှိကြောင်း မော်တော်ယဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ၏ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောသည်။
“ယာဉ်စီးခ တိုးကောက်မယ်ဆိုရင် လက်ရှိအနေအထားမှာ ၀န်ဆောင်မှု ဘယ်လိုတိုးမြှင့်ပေးလဲဆိုတာပဲ ကြည့်ကြမှာ။ ဆီကြောင့် ယာဉ်စီးခတိုးတောင်းတယ်ဆိုတာကို ခရီးသည်တွေက လက်ခံမှာ မဟုတ်ဘူး။ လက်ရှိအချိန်မှာ ကားခတစ်ရာပေးထားပြီး ငါးဆယ်ပြန်မအမ်းလို့ဆိုပြီး တိုင်တာတွေတောင်ရှိတယ်”ဟု ဦးဝင်းဇော်က မှတ်ချက်ပြုသည်။
လက်ရှိ မထသယာဉ်လိုင်းတွင်လည်း ဒိုင်နာကားများမှ မီနီဘတ်စ်အဖြစ် ပြောင်းလဲပြေးဆွဲပေးနေသည့် ကားအစီးရေ ၇၀ ကျော်ရှိကြောင်း၊ ၎င်းယာဉ်များမှာလည်း CNG ဓာတ်ငွေ့မရရှိသေးသည့်အတွက် ဒီဇယ်ဖြင့် ပြေးဆွဲနေရ၍ ယာဉ်ပိုင်ရှင်များအတွက် တွက်ခြေမကိုက်ကြောင်း ဦးဝင်းဇော်က ဆိုသည်။
“၄၈ ကားတွေတောင် အဲယားကွန်းဖွင့်ပြီး နှစ်ရာနဲ့ ပြေးဆွဲပေးနေတာပဲ။ ဈေးတက်ဖို့မလိုအပ်ပါဘူး။ အဓိပတိ ကားတွေရဲ့ ဆက်ဆံရေးကလည်း ညံ့တယ်။ ကားခဈေးတက်မယ်ဆိုရင်တော့ မစီးတော့ဘူးပေါ့” ဟု အင်းစိန်မြို့တွင် နေထိုင်သည့် Computer Designer တစ်ဦးဖြစ်သူ မငယ်ငယ်က ပြောသည်။
ယာဉ်စီးခနှုန်းထား တိုးကောက်ရန် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးသို့ တင်ပြထားသော်လည်း ယင်းရုံးက ကျပ် ၃၀၀ ကောက်ခံမည့်အစား CNG ပေးနိုင်ရန်အတွက် ဇွန်လဆန်းပိုင်းတွင် သမ္မတရုံးသို့ ပြန်လည်တင်ပြပေးထားကြောင်း၊ သမ္မတရုံးမှ အကြောင်းပြန်ကြားမှု မရှိသေးဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောကြောင်း ဦးမျိုးမြင့်က ဆိုသည်။

Mizzima

No comments:

Post a Comment