Sunday, June 15, 2014

နာမည်ကျော် ပုဂ္ဂိုလ်တို့ နေထိုင်သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး စံအိမ်များ


အောင်မြင်ကျော်ကြားသူ၊ ချမ်းသာကြွယ်ဝသူတို့ အနေဖြင့် မိမိတို့၏ ဂုဏ်ဒြပ်နှင့် ဆီလျော်သော အိမ်ဂေဟာ များကို တခမ်းတနား ရွေးချယ်လေ့ ရှိသည်မှာ မဆန်းလှချေ။ နယ်ပယ် အသီးသီး တွင် အောင်မြင်စွာ ရပ်တည်နေသော သန်းကြွယ်သူဌေး၊ ကုဋေကြွယ် သူဌေးကြီးများ၏ နေအိမ် များသည် ဒေါ်လာ သန်းနှင့်ချီ တန်ကြေးရှိတတ်ကြသည်။
အဆင့်အမြင့်ဆုံး ဇိမ်ခံပစ္စည်းများ ထည့်သွင်းထားခြင်း၊ တည်နေရာ အကွက်အကွင်း ကောင်းမွန်ခြင်း အစရှိသည့် အချက်များကလည်း နာမည်ကျော် ပုဂ္ဂိုလ်တို့၏ နေအိမ်ဈေးနှုန်းများ မြင့်မားရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်နေသေးသည်။
အောင်မြင်ခြင်း၊ ကြွယ်ဝချမ်းသာခြင်းတို့ကို လက်တွေ့ညွှန်းဆိုပြသည့် အဆောင်အယောင် တစ်ရပ် သဖွယ်လည်း ဖြစ်နေသော တန်ဖိုးကြီး နေအိမ်များအနက်မှ ကမ္ဘာ့ထိပ်တန်း အိမ်ဂေဟာ (၁၀)ခုနှင့် ယင်းတို့၏ ပိုင်ရှင်များအကြောင်း စုစည်းဖော်ပြအပ်ပါသည်။
၁၀။ အော်ဇီအော့စ်ဘွန်း၏ စံအိမ် (ဟစ်ဒင်းဟေးလ်စ်၊ ကယ်လီဖိုးနီးယား)
Black Sabbath အဖွဲ့၏ ဦးဆောင်အဆိုတော်သည် ၎င်း၏ ကိုယ်ပိုင်အမည်ဖြင့်ပင် ဖန်တီးထားသည့် Reality Show အစီအစဉ်များမှပါ ပရိသတ် အခိုင်အမာ ရရှိနေသူ ဖြစ်သည်။ အော်ဇီအော့စ်ဘွန်းက မိမိကိုယ်ကိုယ် Heavy Metal ဂီတ၏ Godfatherအဖြစ် ညွှန်းဆိုခဲ့ဖူးသည်။
ကယ်လီဖိုးနီးယားရှိ ၎င်း၏ စံအိမ်ကြီးမှာ (၁၀၉၅၃) စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း(၆)ခန်း၊ ရေချိုးခန်း(၁၀)ခန်း ပါဝင်သည်။ အဆိုပါ အိမ်ကြီး၏ တန်ကြေးမှာ ဒေါ်လာ(၁၀)သန်းမျှ ရှိနေပြီဖြစ်သည်။
၉။ ဝီလ်စမစ်သ်၏ စံအိမ် (ကယ်လာဘာဆာစ်၊ ကယ်လီဖိုးနီးယား)
ဟောလိဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် လူတိုင်း သိရှိထားသည့် အောင်မြင်ကျော်ကြားသော မင်းသားတစ်လက်အဖြစ် ဝီလ်စမစ်သ် အနေဖြင့် ရပ်တည်နေနိုင်ပြီ ဖြစ်သည်။ အလွန်ချမ်းသာ ကြွယ်ဝသူ တစ်ဦးအနေဖြင့် စမစ်သ်တစ်ယောက် ဒေါ်လာသန်း(၂၀)တန် စံအိမ်ကြီးတွင် နေထိုင်နိုင်ခြင်းမှာ မဆန်းချေ။
ကယ်လီဖိုးနီးယားရှိ ကျယ်ပြန့်လှသည့် ခြံကြီးအတွင်း ဆောက်လုပ်ထားသော စံအိမ်ကြီးတွင် ဘတ်စကက်ဘောကွင်း၊ တင်းနစ်ကွင်း၊ ရေကူးကန်တို့အပြင် ဂေါက်ကွင်းငယ် တစ်ခုပင် ပါရှိနေသည်။
စမစ်သ်၏ နေအိမ်မှာ ကျယ်ပြန့်ကြီးမားလှသဖြင့် ကိုယ်ပိုင် Zip Codeပါ သီးခြားသတ်မှတ်ထားရသည်။
၈။ အာနိုးရှာဝါဇန်နက်ဂါ၏ စံအိမ် (ဘရန့်တ်ဝုဒ်ကောင်တီ၊ ကယ်လီဖိုးနီးယား)
ရုပ်ရှင်မင်းသား အနေဖြင့် လည်းကောင်း၊ ကာယဗလမောင် တစ်ဦးအနေဖြင့် လည်းကောင်း၊ နိုင်ငံရေးသမား တစ်ဦးအနေဖြင့် လည်းကောင်း လူသိများခဲ့သည့် အာနိုးရှာဝါဇန်နက်ဂါ၏ နေအိမ်ကမူ ဒေါ်လာ (၂၃.၅)သန်းမျှ တန်ဖိုးရှိနေသည်။
ရုပ်ရှင်လောကတွင် အက်ရှင်မင်းသား တစ်လက်အဖြစ် နှစ်ရှည်လများ အောင်မြင်စွာ ရပ်တည်ခဲ့ပြီးနောက် Terminator စတားသည် ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် နိုင်ငံရေး လောကထဲသို့ ဝင်ရောက်ဖြစ်ခဲ့သည်။
စတုရန်းပေ (၁၄၅၀၀) ကျယ်ပြန့်သော စံအိမ်ကြီးသည် ရှာဝါဇန်နက်ဂါ၏ အောင်မြင်မှုနှင့် ကြွယ်ဝမှုကို ထင်ဟပ်စေသည့် ပြယုဂ်တစ်ခု အဖြစ်လည်း ညွှန်းဆိုနိုင်သည်။
၇။ ခရစ္စတီးဘရင်ကလေ၏ စံအိမ် (လောင်းအိုင်းလန်း၊ နယူးယောက်)
စူပါမော်ဒယ်တစ်ဦးအဖြစ် အောင်မြင်မှုများစွာ ရရှိခဲ့သည့်နောက် ခရစ္စတီး ဘရင်ကလေသည် နယူးယောက်ရှိ အိပ်ခန်း(၁၁)ခန်းပါ နေအိမ်ကြီးကို ဝယ်ယူခဲ့သည်။
အဆိုပါ အိမ်ကြီးတွင် ရေချိုးခန်း (၉)ခန်းကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ ရှုမျှော်ခင်းကြည့်သည့် လေသာဆောင်ကို ပေ(၅၀)မျှ အမြင့်တွင် သီးခြားထားရှိသည်။
ကိုယ်ဟန်ပြ မော်ဒယ်လုပ်ငန်းဖြင့် အချမ်းသာဆုံး ဖြစ်ခဲ့သည့် အမျိုးသမီး (၂၀)စာရင်းတွင် ထည့်သွင်းဖော်ပြခံရသည့် ဘရင်ကလေသည် လတ်တလောတွင်မူ ဒီဇိုင်နာ တစ်ဦးအဖြစ် ကူးပြောင်းရပ်တည်လျက် ရှိသည်။
၆။ ဂျယ်ရီဆိန်းဖဲလ်၏ စံအိမ် (ဟမ်ပတန်စ်၊ နယူးယောက်)
ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ရုပ်ရှင်မင်းသားအဖြစ် ရပ်တည်နေသည့် ဂျယ်ရီဆိန်းဖဲလ် အနေဖြင့် ဒေါ်လာ(၃၂)သန်းတန် စံအိမ်ကြီးတွင် နေထိုင်လျက် ရှိခြင်းမှာ အဆန်းမဟုတ်ချေ။
၎င်း၏ ကိုယ်ပိုင် Showအစီအစဉ်မှ ငွေကြေးအမြောက်အမြား ရရှိခဲ့သည့် ဆိန်းဖဲလ်သည် ဟမ်ပတန်စ်ရှိ ခမ်းနား ကျက်သရေရှိလှသည့် နေအိမ်ကြီးကို စိတ်တိုင်းကျ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့သေးသည်။
ဘေ့စ်ဘော ဝါသနာအိုး တစ်ဦးဖြစ်သည့် ဆိန်းဖဲလ်သည် နေအိမ်ခြံဝင်းထဲတွင် ဘေ့စ်ဘောကွင်း တစ်ကွင်းကိုပါ ထည့်သွင်းတည်ဆောက်ထားသည်။
၅။ ဘီလီဂျိုဝယ်လ်၏ စံအိမ် (မီယာမီကမ်းခြေ၊ ဖလော်ရီဒါ)
လာဂေါ်ဆေး ကျွန်းပေါ်ရှိ တန်ဖိုးကြီး မြေနေရာတွင် တည်ဆောက်ထားသော စံအိမ်မှာ (၃၀၃၃၁၀) စတုရန်းပေမျှ ကျယ်ဝန်းသည်။
ကမ်းခြေနံဘေးရှိ ဒေါ်လာ(၃၅)သန်းတန် စံအိမ်တွင် ကိုယ်ပိုင်ရွက်လှေဆိပ်၊ လေဟာပြင် နားနေဆောင်တို့အပြင် ရေကူးကန်နှင့် နေအိမ်ပြင်ပ မီးဖိုခန်းတို့ကိုပါ ထည့်သွင်း ဆောက်လုပ်ထားသည်။
နာမည်ကျော် ဂီတပညာရှင် ဘီလီဂျိုဝယ်လ်၏ နေအိမ်သို့ ရောက်ရှိဖူးသူတိုင်း အံ့ဩသဘောကျစွာ ချီးကျူးလေ့ရှိပြီး ဂျိုဝယ်လ် ကိုယ်တိုင်ကလည်း နေအိမ်ကို အမျိုးမျိုး မွမ်းမံပြင်ဆင်နေရသည်ကို နှစ်သက်ကြောင်း ဝန်ခံပြောဆိုဖူးသည်။
၎။ ဟုဂ်ျဟက်ဖ်နာ၏ စံအိမ် (လော့စ်အန်ဂျလိစ်၊ ကယ်လီဖိုးနီးယား)
ဟုဂ်ျဟက်ဖ်နာသည် ကမ္ဘာပေါ်တွင် အမျိုးသားများ အားအကျရဆုံး လူပုဂ္ဂိုလ် တစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သည်။ Playboy မဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ် မိန်းမလှလေးများစွာ ဝန်းရံချဉ်းကပ်ခြင်းကို ခံခဲ့ရသည့် သန်းကြွယ်သူဌေးကြီးသည် မိမိ၏ နေအိမ်အတွက်ပါ လူတကာ ငေးမောအားကျရလောက်အောင် ဂုဏ်ယူနိုင်မည် ဖြစ်သည်။
ကမ္ဘာ့အကျော်ကြားဆုံး မဂ္ဂဇင်း လုပ်ငန်းကြီး တစ်ခုကို ထူထောင်ထားသည့် ဟက်ဖ်နာသည် လော့စ်အန်ဂျလိစ်ရှိ ဒေါ်လာ(၅၄)သန်းတန် စံအိမ်ကြီးကို ဝယ်ယူခဲ့သည်။
ကြီးမားသော ရေကူးကန်ကြီးကို တူးဖော်ထားသည့်အပြင် ဝိုင်အရက် စုဆောင်းသည့်အခန်း၊ တင်းနစ်ကွင်းများ ပါရှိပြီး ကိုယ်ပိုင် တိရစ္ဆာန်ရုံ၊ ငါးပြတိုက်တို့အပြင် ရေတံခွန်ငယ်များကိုပါ ထည့်သွင်း တည်ဆောက်ထားသည်။
Playboy စံအိမ်ကြီးအဖြစ် ထင်ရှားသော အဆိုပါ အိမ်ကြီးတွင် လှပပြီး ဆွဲဆောင်အား ပြင်းပြသည့် မိန်းကလေးများ ရှိနေခြင်းကလည်း လူသိများသည့် အချက်တစ်ချက် ဖြစ်သည်။
၃။ အော်ပရာဝင်းဖရေး၏ စံအိမ် (မွန်တီဆီတို၊ ကယ်လီဖိုးနီးယား)
အော်ပရာ ဝင်းဖရေး အနေဖြင့် သူမ၏ ကိုယ်ပိုင်အမည်ဖြင့်ပင် ဖန်တီးခဲ့သော Show အစီအစဉ်သည် (၁၉၈၆)ခုနှစ်မှ (၂၀၁၁)ခုနှစ်ထိ ကြာရှည် တည်တံ့ခဲ့ပြီး အောင်မြင်မှု များစွာလည်း ရရှိခဲ့သည်။
Talk Show အစီအစဉ်တို့၏ ဘုရင်မကြီးအဖြစ် တင်စားခံရသော ဝင်းဖရေးသည် သူမ၏ ငွေကြေးများကို အလွန်ခမ်းနား ကောင်းမွန်ပြီး တန်ဖိုးကြီးမားသော နေအိမ်ကြီးတစ်လုံး ဝယ်ယူရန် အတွက်လည်း ခွဲဝေ မြှုပ်နှံခဲ့သည်။
အိပ်ခန်း(၁၀)ခန်း၊ မီးလင်းဖို (၁၀)ခု၊ ရေချိုးခန်း (၁၄)ခန်းတို့အပြင် ဝင်းဖရေး အနှစ်သက်ဆုံး အလှမွေးငါးများ စုစည်းထားသည့် ကန်ကြီးတစ်ကန်လည်း ပါရှိသည်။ ထို့အပြင် ကိုယ်ပိုင် ရုပ်ရှင်ရုံ တစ်ရုံကိုပါ ထည့်သွင်းတည်ဆောက်ထားသည်။
ဝင်းဖရေးသည် သူမ၏ Show အစီအစဉ်မှ ပရိသတ် အချို့ကိုလည်း ဒေါ်လာ (၈၅)သန်းတန် စံအိမ်ကြီးသို့ ဖိတ်ခေါ်ပြီး ဂုဏ်ယူစွာ လှည့်လည် ပြသခဲ့ဖူးသည်။
၂။ ဘီလ်ဂိတ်စ်၏ စံအိမ် (မယ်ဒီနာ၊ ဝါရှင်တန်)
Microsoft ကော်ပိုရေးရှင်းကြီး၏ ဦးဆောင်ဖခင်ကြီးသည် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဌေးကြီး တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီးနောက် ဒေါ်လာသန်းရာကျော်တန် စံအိမ်ကြီး တစ်လုံးကို စိတ်ကြိုက် တည်ဆောက်ခဲ့သည်။
စတုရန်းပေ (၆၆၀၀၀) ကျယ်ဝန်းသော စံအိမ်ကြီးတွင် ဂိတ်စ်က ၎င်းအနှစ်သက်ဆုံး စာအုပ်များကို စုစည်းထားသည့် စာကြည့်တိုက် တစ်ခုကို သီးခြား ဖန်တီးထားခဲ့သည်။
ဒေါ်လာ (၁၄၇.၅)သန်းတန် စံအိမ်ကြီး တစ်ဝိုက်တွင် စိမ်းစိုလှပသည့် ဥယျာဉ်လေး တစ်ခုကိုလည်း သီးခြားဖန်တီးထားသေးသည်။
၁။ အေရွန်စပယ်လင်၏ စံအိမ် (လော့စ်အန်ဂျလိစ်၊ ကယ်လီဖိုးနီးယား)
ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင် ထုတ်လုပ်သူအဖြစ် အောင်မြင်မှုများ ရရှိခဲ့သော စပယ်လင်သည် ၎င်းတာဝန်ယူခဲ့သည့် Charlie’s Angels၊ Starsky & Hutch၊ Charmed၊ Dynasty၊ Beverly Hills 90210၊ Melrose Placeတို့ကြောင့် လူသိများသည်။
၎င်းပိုင်ဆိုင်သည့် စံအိမ်ကြီးမှာ ဒေါ်လာသန်း(၁၅၀)မျှ တန်ဖိုးရှိသည့် စတုရန်းပေ (၅၆၅၀၀)မျှထိ ကျယ်ဝန်းသည်။ စံအိမ်ကြီးတွင် ကားဂိုဒေါင် (၄)ခုနှင့် ရှားပါးသစ်ခွများ စိုက်ပျိုးထားသည့် သစ်ခွခြံငယ် တစ်ခုလည်း ပါရှိသည်။
ထို့အပြင် ရေကူးကန်၊ တင်းနစ်ကွင်း၊ စကိတ်ကွင်းနှင့် ဘိုးလင်း အားကစားရုံများနှင့် အဆင့်မြင့် လေ့ကျင့်ရေး ပစ္စည်းများ တပ်ဆင်ထားသည့် ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း စင်တာ တစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ထားသည်။  
_THE RICHEST

No comments:

Post a Comment