Tuesday, June 24, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကိစ္စနှင့်ပတ်သက်၍ လက်ရှိတွင် မည်သည့်ကိစ္စမျှ ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ပြောကြား

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနှင့် ပတ်သက်၍ လောလောဆယ် မှာ ဘာကိစ္စမှ ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက နေပြည်တော်တွင် ဇွန် ၂၃ ရက်က ပြုလုပ်သည့် ၁၇ ရက်မြောက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ခေတ္တ နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“လောလောဆယ်မှာ ထုတ်ပြောလို့ မရသေးဘူးဆိုတာကို ဒါကိုပြောတာပါ။ ဒီထက်ဘယ်သူကနေ ကိုင်နေပြီးတော့ ဘယ်လိုလုပ်နေတယ်။ ဘာညာ ဒီလိုပြောတာ မဟုတ်ပါဘူး။ ကျွန်တော် လောလောဆယ် ဒီကိစ္စကို ထုတ်ဖော်ပြောလို့ မရသေးဘူး ဆိုတာကို ပြောတာပါ။ သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့တွေ ဖွဲ့စည်းထားတာရှိပါတယ်။ ထိုက်သင့်တဲ့ အချိန်ရောက်ရင် သူတို့လည်း ထုတ်ပြန်မှာပါ။ ဦးရဲထွဋ်တို့ ဘာတို့လည်းပါတာပေါ့။သတင်းထုတ်ပြန်ရေးအဖွဲ့မှာ ရဲချုပ်တို့၊ ဘာတို့လည်းပါတယ်။ အဲဒီလိုပါပြီးတော့ ဖွဲ့စည်းထားတဲ့အဖွဲ့ ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြန်လည်းဖြေကြားသည်။

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးပြီးမှ ပြောလို့ရမည်ဖြစ်ကြောင်း သမ္မတ၏ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၂၀ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မီဒီယာများကို ပြောကြားသည်။

“ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေတဲ့ လူတွေကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့သံဃာတွေ ကြားထဲမှာပါ နားလည်မှုလွဲစေတဲ့ အဖြစ်မျိုးတွေ ဖြစ်လာတယ်။ တချို့ဟာတွေဆိုရင် သမ္မတကြီးမှာကြားတဲ့ ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်။ သတင်းမပို့ဘဲနဲ့ပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့က မလွှဲမရှောင်သာ အခုလို အရေးယူဆောင်ရွက် လိုက်ရတာ” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၂၀ ရက်က ပြောကြားထားသည်။

ဆက်လက်ပြီး ၎င်းက “သူ့မှာ အပိုင်းနှစ်ပိုင်းပါတယ်။ သာသနာရေးဝန်ကြီး ကိစ္စအနေနဲ့ လုပ်ရမှာတွေ ရှိတယ်။ အစိုးရအဖွဲ့ဝန်ကြီး တစ်ခုအနေနဲ့ လုပ်ရမှာတွေရှိတယ်။ ခင်ဗျားတို့ကြားနေတဲ့ ရဲစခန်းမှာ အမှုဖွင့်နေတယ် ဆိုတာက အကြောင်းခြင်းရာ များစွာထဲက တစ်ခုပဲရှိပါသေးတယ်။ ကျန်တာတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ အတွက်ကြောင့်မို့ လောလောဆယ်မှာ ထုတ်ပြောလို့မရသေးဘူး” ဟု ပြောကြားထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက မီဒီယာများ၏ မေးမြန် မှုအား ဖြေကြားနေစဉ်

Eleven

No comments:

Post a Comment