နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများအား သာသနာရေး ၀န်ကြီးဌာနမှ ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် သိန်းတစ်ရာခန့် အလွဲသုံးစားပြုလုပ် မှုဖြင့် အမှုဖွင့် အရေးယူခံထားရသည့် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၏ နေပြည်တော် ရှိ နိုင်ငံတော်မှပေး ထားသော နေအိမ်ရှိ ပစ္စည်းများအား သာသနာရေး ၀န်ကြီးဌာန၏ ၀န်ထမ်းများက လာရောက်သယ်ယူ သွားခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေ များပြောပြချက် အရ သိရသည်။

"ဒီနေ့ မနက် ၉ နာရီဝန်းကျင်က ကားတွေနဲ့လာပြီး အဲဒီအိမ်ကပစ္စည်းတွေကို သယ်ယူ သွားတာတော့တွေ့တယ်။ ကျွန်မတို့လည်း အဲဒီအနားကို ကပ်လို့မရတာနဲ့ အဝေးကပဲကြည့်နေရတယ်။ အဲဒီမှာလုံခြုံရေးရဲတွေလည်းပါတယ်။ ဘယ်သူ့အိမ်မှန်းတော့မသိပါဘူး" ဟု ရတနာ သိဒ္ဓိရပ်ကွက် တွင် နေ့စား အလုပ်လုပ်သူတစ်ဦးကဆိုသည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်သည် ဒုတိယ၀န်ကြီး များအား နိုင်ငံတော်မှချပေး ထားသည့် ရတနာသိဒ္ဓိရပ်ကွက် ရေနီလမ်း အိမ်အမှတ် ၂၁၈၉ တွင် ပြည်ထောင်စုဝန်ကြီးထမ်းဆောင် ချိန်တွင် နေထိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် ဇွန် ၁၉ ရက်တွင် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ် ရှစ်ဆူ အောင်တော်မူစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်မှုဖြင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် (စ.စ.စ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုအမှုဖွင့်တိုင်ကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်မြို့နယ် တရားရုံးတွင် ဇွန် ၁၉ ရက်က ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ကြောင်း၊ အဆိုပါနေ့ ညနေပိုင်းတွင် ဦးဆန်းဆင့်အား ရမည်းသင်းထောင်၌ ထိန်းသိမ်းထားရှိပြီး လာမည့်ဇူလိုင်လဆန်းတွင် ဒုတိယအကြိမ်အဖြစ် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်
Eleven
No comments:
Post a Comment