Wednesday, June 25, 2014

မြန်မာလုပ်သား ခုနစ်သိန်းခန့် အပါအဝင် တရားမဝင် လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့်ပြုမည်ဟု ထိုင်းအစိုးရဆို

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ တရားမဝင် မြန်မာအလုပ်သမား ခုနစ်သိန်းဝန်းကျင် အပါအဝင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် မှတ်ပုံ တင်ပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရက ဆုံးဖြတ်လိုက်သည်။
ထိုင်းတပ်မတော် စစ်ရေးချုပ် SIRICHAI tanach ဦးစီး၍ ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်သည့် တရားမဝင် ရွှေ့ပြောင်း အလုပ်သမား ကိစ္စ ဖြေ ရှင်းရေး အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တရားမဝင် နိုင်ငံခြားသား လုပ်သားများ တရားမဝင် မှတ်ပုံတင်ပေး အစီအစဉ်ကို ဇူလိုင်လ ၁ ရက်နေ့တွင် စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသ၌ စတင်မည်ဖြစ်ပြီး နောက်ထပ် ခရိုင် ၂၂ တွင်လည်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် အဆင့်များကို ဖြေလျှော့ကာ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လုပ်သား နှစ်သန်းခန့်ကို တရားမဝင် မှတ်ပုံတင်ပေးနိုင်မည် ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အလုပ်သမား လိုအပ်ချက်များ ဖြစ်ပေါ်နေသဖြင့် ယင်းသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုထားသည်။

တရားဝင် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များတွင် ကြားခံပွဲစားဖြင့် ပြုလုပ်စရာ မလိုဘဲ ကိုယ်တိုင်ပြုလုပ်နိုင်သဖြင့် ကုန်ကျစရိတ် လျော့နည်းနိုင်ပြီး ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း၊ အစိုးရအရာရှိများက မသမာမှုပြုလုပ်ပါက အရေးယူမည် ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန် ထားသည်။

သို့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးသဖြင့် စောင့်ကြည့်ရဦးမည် ဖြစ်ပြီး လက်ရှိတွင် တရား မဝင် နိုင်ငံခြားသားများ ဖမ်းဆီးမှု ရပ်ဆိုင်းနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWEN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ “ဘာပဲဖြစ်ဖြစ် ထိုင်းမှာရှိတဲ့ အလုပ်သမားတွေအားလုံး တရားဝင် ဖြစ်သွားရင် အလုပ် သမား အခွင့်အရေး မြင့်တက်လာမှာပါ” ဟု ၎င်းကဆိုသည်။

လူကုန်ကူးမှုဆိုင်ရာနှင့် ရွှေ့ပြောင်း အလုပ်သမားများအပေါ်တွင် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်မှုများ ရှိနေကြောင်း စွပ်စွဲပြစ်တင်ခံရမှုနှင့် ပတ် သက်၍ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ကလည်း ဇွန်လ ၂၂ ရက်နေ့တွင် အလုပ်ရှာဖွေရေး အေဂျင်စီပေါင်း ၂၀၀ ကျော်ကို တွေ့ဆုံခဲ့သည်။

လုပ်သားများအပေါ် အကျိုးဆောင်ခ လျှော့ယူရန် ညွှန်ကြားခဲ့ပြီး အလုပ်ရှာဖွေရေးဌာန (DoE) အနေနှင့်လည်း စာရွက်စာတမ်းခ များ ကို လျှော့ပေါ့ပေးရန်၊ ပြုလုပ်ရန် အဆင့်ဆင့်များကို ဖြေလျှော့ပေးရန်နှင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လျှော့ချရန် အမြဲတမ်းအတွင်း ဝန်က ညွှန်ကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment