Wednesday, June 4, 2014

ယာဉ်ထိန်းရဲများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်နေ၍ အဆင့်အလိုက် သေနတ်တပ်ဆင်ပေးသင့်

မန္တလေးမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို မူးယစ်ရမ်းကားသည့်သူများက ကိုယ်ထိလက်ရောက်ခိုက် ရန်ဖြစ်ပွားမှုများ ရှိလာသဖြင့်တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် အဆင့်အလိုက် သေနတ်တပ်ဆင်ပေး ထားခြင်းဖြင့် အဟန့်အတားဖြစ်နိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဒု-ရဲမှူးကြီး အောင်ကိုဦးက မေလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

“ညပိုင်းယာဉ်ထိန်းရဲတွေ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်လုံထိန်းတပ်ကြပ်ကြီးတွေကို သေနတ်ချိတ်ပေးထား သလို၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အဆင့်အလိုက် သေနတ်လေးတွေ တပ်ဆင်ပေးသင့်တယ်”ဟု ၎င်းကပြောသည်။
ဧပြီလဒုတိယပတ်က ညပိုင်းတာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေ တစ်ဦးကိုလမ်း ၃၀ × ၆၆ လမ်းတွင် အရပ်သားတစ်ဦးက ဆိုင်ကယ်ဖြင့် ၀င်တိုက်ခဲ့ခြင်း၊ ဇွန်၁ရက် ည၁၀နာရီခွဲအချိန်က ချမ်းမြသာ စည်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း၊ သိပ္ပံလမ်းဆုံမီးပွိုင့်အရှေ့မှ အနောက်သို့ မီးစိမ်းဖြတ်မောင်း လာသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်ကို မီးနီဖြတ်မောင်းသော ဆိုင်ကယ်က ၀င်တိုက်ခဲ့ပြီး အတိုက်ခံရသူကို ကူညီပေးခြင်းမရှိဘဲ ထွက်ပြေးသဖြင့် တားဆီးရာ ပြန်လည် ထိုးကြိတ်ခြင်းများ ဖြစ်ပွားခဲ့သောကြောင့် ယာဉ်ထိန်းရဲနှင့် ပြဿနာများမဖြစ်ပွားစေရန် ယခုကဲ့သို့ အကြံပြု တင်ပြခြင်းဖြစ်သည်။
“တာဝန်ချိန်မှာ ပြဿနာဖြစ်တာ တစ်ခါတလေမှပါ။ ညပိုင်းဆို ပိုဖြစ်တတ်ပါတယ်။ လုံခြုံရေးအတွက် တိုင်းဒေသကြီးကို နှုတ်နဲ့တင်ပြထားပါတယ်။ ဒါ့အပြင် ယာဉ်ထိန်းရဲတွေကိုလည်း ညပိုင်းအချိန် စစ်ဆေးမှုလုပ်တဲ့အတွက် နားရက်မရှိတော့ဘူး။ တစ်ပတ်ကို နှစ်ရက်လောက်ပဲလုပ်ဖို့လည်း တင်ပြထားပါတယ်” ဟု ဒု-ရဲမှူးကြီးက ဆက်ပြောသည်။

သေနတ်တပ်ဆင်ပေးရန် အကြံပြုခြင်းအပြင် တာဝန်ချိန်တွင် ရန်ပြုနှောင့်ယှက်ခြင်းများ ဖြစ်ပွားလျှင် ထိရောက်သော အရေးယူမှုများကို ပြုလုပ်သွားရန်လည်း တောင်းဆိုသွားမည်ဖြစ်သည်။ လက်ရှိ တာဝန်ချိန်တွင် ရန်ပြုနှောင့်ယှက်ခဲ့သူဖြစ်သည့် ဇွန်လ ၁ ရက် ည ၁၀နာရီခွဲက ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ်ရဲစခန်းက(ပ)၃၂၅/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၃/၁၁၄ဖြင့် အမှုဖွင့် အရေးယူထား သည်။

Mizzima - News in Burmese

No comments:

Post a Comment