Saturday, June 28, 2014

ရခိုင်ဒေသခံများ နစ်နာမှုကို ဖြေရှင်ပေးရန် တရုတ်အစိုးရကို ရခိုင်ပါတီပြော

တရုတ်၏ မဟာဗျူဟာ ဒေသဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဒေသခံများ နစ်နာမှုကို နည်းလမ်းရှာ ဖြေရှင်းပေးရန် တရုတ်ကွန်မြူနစ်ပါတီကို တင်ပြခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၁၀ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည့် တရုတ်နိုင်ငံအတွက်သာမက ရင်းနှီးမြှုပ်နှံရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုစေရမည် ဆိုသည့် ပေါ်လစီ ရှိသည် ဆိုသော်လည်း လက်တွေ့တွင် ရခိုင်တိုင်းရင်းသားများ အကျိုးဖြစ်ထွန်းခြင်း မရှိဘဲ နစ်နာနေသည်ဟု တင်ပြခဲ့ကြောင်း ဦးဦးလှစောက ဆိုသည်။

“သဘာဝဓာတ်ငွေ့က ဖြတ်သွားပြီ။ ရေနံပိုက်လိုင်းက လာဦးမယ်။ ရေနက်ဆိပ်ကမ်း လာဦးမယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ရခိုင်တွေမှာ စိုးရိမ်မှုတွေ ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် အကောင်အထည် ဖော်နေသည့် အဆိုပါ စီမံကိန်းများကြောင့် ဒေသခံများ အကျိုးမဖြစ်ထွန်းသည့် အပြင် ရေလုပ်ငန်းများ လုပ်ကိုင်၍ အဆင်မပြေတော့ကြောင်း၊ စီမံကိန်းများတွင် လုပ်ကိုင်သည့် လုပ်သားများမှာလည်း အခွင့်အရေး ဆုံးရှုံးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသော်လည်း ဒေသခံလူထု အကျိုးရှိရန်၊ အလုပ်သမားများ၏ ခံစားခွင့်က နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း ဖြစ်ရန်၊ သဘာဝပတ်ဝန်းကျင်ကို လေစားတန်ဖိုးထားရန် အချက်သုံးချက်အတိုင်း လုပ်ဆောင်ပေးရန် တင်ပြခဲ့ကြောင်း ဦးဦးလှစောက ဆိုသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူလူထုကို အကျိုးမပြုသဖြင့် မြန်မာလူထုတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ကိန်းအောင်းနေပြီ ဖြစ်သည်ဟု တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံ ခရီးစဉ်တွင် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့က သုံးဦးစီ ပါဝင်ခဲ့ခြင်း ဖြစ်ပြီး၊ တရုတ်ကွန်မြူနစ်ပါတီရှိ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment