Saturday, June 28, 2014

ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်

Photo: ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်
Saturday, June 28, 2014  

တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရွန်နစ်၏ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း G3 သည် မြန်မာနိုင်ငံသို့ လာမည့် ဇူလိုင်လ ပထမပတ် အတွင်း ဝင်ရောက်လာမည်ဖြစ်သည်။

အဆိုပါ စမတ်ဖုန်း၏ ဈေးနှုန်းမှာ ငွေကျပ် ၆၅ဝဝဝဝ ဝန်းကျင်မှ ခုနစ်သိန်း နီးပါးအထိ ရှိနိုင်ကြောင်း LG Myanmar မှ သိရသည်။''LG G3 ဟာ ကျွန်တော်တို့ LG အီလက်ထရွန်နစ်မှ အင်ဂျင် နီယာများ၊ ဝန်ထမ်းများ အားလုံးရဲ့ စွမ်းဆောင်ရည် ပြယုဂ် တစ်ခုပါပဲ။ Laser Auto Focus ပါဝင်တဲ့ OIS+ ကင်မရာ၊ 2540×1440 ရုပ်ထွက် အပြည့်အဝရှိ QHD မျက်နှာပြင်မှာ Pixel သိပ်သည်းဆ ကလည်း 538 ppi (pixel perinch) ဖြစ်ပါတယ်။ ဖြုတ်၊ တပ်နိုင်တဲ့ 3000 mAh ဘက်ထရီ၊ မောင်းနှင် အသုံးပြုထားတဲ့ OS က နောက်ဆုံးပေါ် Android OS 4.4.2 (Kit Kat) ဖြစ်တဲ့အပြင် ပရော်ဆက်ဆာ ကလည်း 2.5 GHz Quad-Core သုံးစွဲ ထားကာ Qualcomm မှ ထုတ်လုပ်တဲ့ Snapdragon 801 ၈ဝ၁ ချစ်ပ်ကို တပ်ဆင် သုံးစွဲ ထား တာကြောင့် နေ့စဉ် စမတ်ဖုန်း သုံးစွဲခြင်းနဲ့ အင်တာနက် အသုံးပြုခြင်း တွေမှာ လျင်မြန်တဲ့ နှုန်းနဲ့ သုံးစွဲ နိုင်ပါပြီ'' ဟု LG အီလက်ထရွန်နစ် (မြန်မာ) ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Min Park က ပြောကြား ခဲ့သည်။

G2, G2 Mini, New L Series (L40,L70, L90) နှင့် G flex ဖုန်းစသည့် LG ၏ အသစ်ထွက် ဖုန်းများတွင် သုံးစွဲနိုင်သော စမတ်ဖုန်း လုံခြုံရေး နည်းပညာသစ် “Knock Code” သည်လည်း ယခု G3 ဖုန်းတွင် ပါဝင်လာပြီး G3 ကို အဖြူ၊ အနက်နှင့် ရွှေရောင် အရောင် သုံးမျိုးဖြင့် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ G3 စမတ် ဖုန်းကို ပွဲထုတ် မိတ်ဆက်ခြင်း (Launching Event) ကိုလည်းလာမည့် ဇူလိုင်လ ပထမပတ် အတွင်းမှာ ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၃၁၉ အရ တပ်မတော်သားများအား တရားစီရင်ရာတွင် စစ်ဖက်ဆိုင်ရာတရားရုံးများ၌သာ တရားစီရင်သဖြင့် ပဋိပက္ခများအတွင်း တပ်မတော်သားများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ တရားခံများ ပြစ်ဒဏ်စီရင်ခြင်းမခံရကြောင်းကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွန်ကြားရေး မှူး နော်စူဆန်နာလှလှစိုးက ပြောကြားခဲ့သည်။
နော်စူဆန်နာလှလှစိုးက “ကျွန်မတို့ လက်တွေ့ဖြစ်နေတဲ့ ကိစ္စပါ။ ပြောရရင်တော့ အခြေခံဥပဒေပဲပေါ့၊ အခြေခံ ဥပဒေမှာ စစ်တပ်က အရပ်သား ရဲ့ အထက်မှာ ရှိနေတယ်။ ဒီတော့ စစ်တပ်မှာ သူ့ဥပဒေရှိတယ်၊ သူ့ဥပဒေနဲ့သူ ဆောင်ရွက်မယ်၊ ကျွန်မတို့က ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ အမှုကို လိုက်တဲ့အခါမှာ အဲဒီလိုပဲပြောခြင်းခံရတယ်။ စခန်းကိုလည်း တိုင်လို့မရဘူး၊ တရားရုံးကလည်း လက်ခံဆောင် ရွက်ပေးခြင်းမရှိဘူး။ အဲဒီတော့ စစ်တပ်ကို သွားတဲ့အခါမှာလည်း စစ်တပ်က ကျွန်တော်တို့မှာ ဥပဒေရှိတယ်၊ ကျွန်တော်တို့က ဒီလိုမျိုး ကျူးလွန်လို့ရှိ ရင် သေဒဏ်တောင် ပေးလို့ရတယ်လို့ပြောပေမယ့် တစ်ခါမှလည်း သေဒဏ်ပေးတာ မကြားဖူးဘူး။ ကျွန်မလိုက်ခဲ့တဲ့ အမှုတွေထဲမှာ တစ်ခုက ရာထူးတောင်တက်သွားသေးတယ်။” ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး တပ်မတော်သားများသည်လည်း အများပြည်သူများနည်းတူ အရပ်ဘက် တရားစီရင်ရေးအောက်တွင် ရှိရန်လိုပြီး ပွင့် လင်းမြင် သာမှု ရှိသည့် တရားစီရင်ရေး ဖြစ်ရန်လည်း လိုအပ်သည်ဟု ပြောသည်။ ထို့အပြင် အခြေခံဥပဒေတွင် ပါဝင်သည့် နောက်ကြောင်းပြန် တရားစွဲဆိုခြင်း မရှိစေရဟူသော အချက်သည် အင်္ဂလန် နိုင်ငံလန်ဒန်မြို့တွင် ကျင်းပသည့် ညီလာခံနှင့် လုံးဝကွဲလွဲနေကြောင်း ဆိုသည်။

ညီလာခံသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး တက်ရောက်ခဲ့သော်လည်း အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အရပ်ဖက် လူ့အဖွဲ့ အစည်း များကို ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သည့်လိင်အကြမ်းဖက်မှုများ ရပ်တန့်သွားအောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကတိပေးပြော ကြား ခဲ့ခြင်း မရှိဟုဆိုသည်။

ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှု ရပ်တန့်အောင် ဆောင်ရွက်ရာတွင် တပ်မတော်မှ ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး ထိုသို့ ပူးပေါင်းပါဝင်ခြင်း မပြုပါက ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု လျော့နည်းသွားရန် သို့မဟုတ် လုံးဝရပ်တန့်ရန် ပြုလုပ်နိုင်ခြင်း ရှိမည်မဟုတ်ကြောင်းကိုလည်း အမျိုးသမီးအဖွဲ့များက ပြောကြားခဲ့သည်။ ယင်းအပြင် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ခွင့်ပြုပါက တွေ့ချင်ကြောင်းလည်း အမျိုးသမီး အဖွဲ့များက ဆိုသည်။

ပဋိပက္ခအတွင်းလိုင်အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် အင်္ဂလန်နိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် ညီလာခံသို့ တက်ရောက်ခဲ့သည့် အမျိုးသမီး အဖွဲ့များက ဇွန်လ ၂၇ ရက်က မြန်မာဂျယ်နယ်လစ်ကွန်ယက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment