Friday, June 6, 2014

အယ်နီညို ဖြစ်လာသည့် အခါ စိုက်ပျိုးရေး ကဏ္ဍတစ်ခုလုံး ထိခိုက် လာမည်ဖြစ်၍ ကြိုတင် ပြင်ဆင်ထားရန်လို

ယခုနှစ်တွင် မြန်မာနိုင်ငံသည် အယ်နီညို ရာသီဥတုကို မလွဲမသွေ ကြုံတွေ့ရတော့မည် ဖြစ်သဖြင့် လယ်သမားများရော၊ အစိုးရကပါ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း မိုးလေ၀သ ပညာရှင်များ၊ စီးပွားရေး ပညာရှင်များက တိုက်တွန်း ကြသည်။အယ်နီညို ရာသီဥတုကို ကြုံတွေ့ရသည့် အခါ အပူချိန် မြင့်တက် ခြင်း၊ မိုးရေချိန် နည်းခြင်းတို့ကို အဓိက ခံစားရမည် ဖြစ်ကာ အကျိုးဆက် အနေဖြင့် သောက်သုံးရေ ရှားပါးခြင်း၊ စိုက်ပျိုးရေ ရှားပါးခြင်း၊ ဆန်စပါး အထွက်နှုန်း လျော့ခြင်းများ အပြင် ငါးပုဇွန် ဖမ်းဆီးရရှိမှု နည်းပါးခြင်း တို့ကို ပြည်သူများ၊ အထူးသဖြင့် ကျေးလက်နေ တောင်သူ လယ်သမားများ အဓိက ခံစားရမည် ဖြစ်သည်။ နိုင်ငံတကာ တွင် အယ်နီညို ရာသီဥတုကြောင့် ငါးဖမ်း လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ လုံးဝ ပြိုလဲသွားခဲ့သည့် သာဓကများလည်း ရှိသည်။““ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို ဆိုးရွားတဲ့ ရာသီဥတု အတွက် ကြိုတင် ပြင်ဆင်တာတွေ မရှိဘူး။ လယ်သမားတွေ အနေနဲ့ ဘာတွေ လုပ်သင့်တယ် ဆိုတဲ့ အကြံပေးချက် တွေမရှိဘူး””ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ အယ်နီညိုသည် ပီရူးကမ်းခြေ မှ စတင်သော သမုဒ္ဒရာ ရေနွေးစီးကြောင်း ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ပျမ်းမျှအားဖြင့် (၁၂) လကြာတတ်ကာ နှစ်တစ်နှစ်၏ ဒုတိယ ခြောက်လမှ အခြား နှစ်တစ်နှစ်၏ ပထမ ခြောက်လ အထိဖြစ်ပွားကြောင်း သိရသည်။ အယ်နီညိုကို သာမန်အဆင့်၊ အလယ်အလတ် အဆင့်၊ အဆိုးဆုံး အဆင့်ဟု သုံးမျိုးခွဲခြား ထားကာ အယ်နီညို ဖြစ်ပွားစဉ်တွင် ဒီဇင်ဘာလ သည် အပြင်းထန်ဆုံး ဖြစ်ကြောင်း သိရသည်။““အယ်နီညိုက စဖြစ်ပြီး နောက်နှစ်မှာ ပိုဆိုးတဲ့ အတွက် ၂၀၁၅ မှာ စောင့်ကြည့်ရမှာပါ””ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် မိုးလေ၀သ အခြေအနေများကို ခန့်မှန်းကာ စီးပွားရေးမည်မျှ ထိခိုက်မည်ကို တွက်ချက်မှုများ၊ သတိပေးမှုများ ပြုလုပ်ရန် အတွက် သီးသန့်ဌာနများ ဖွင့်လှစ်ထားခြင်း မရှိသောကြောင့် အယ်နီညို ရာသီဥတု ဖြစ်သည့်အခါ ပြည်တွင်း ထုတ်ကုန် မည်မျှ လျော့ကျမည်ကို ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိသေးပေ။အယ်နီညို ရာသီဥတု ဖြစ်သည့်အခါ မိုးနည်းသဖြင့် မိုးရေကို အဓိက ထားလုပ်ကိုင်သော
စိုက်ပျိုးရေး လုပ်ငန်းများသည် ပထမနှစ်တွင် အခက်အခဲ ကြုံရမည်ဖြစ်ပြီး၊ မိုးမရွာသဖြင့် ရေလှောင်တမံများ၊ ဆည်များတွင် ရေရရှိမှု နည်းပါးကာ ဆည်ရေအသုံးပြု၍ စိုက်ပျိုးရေး လုပ်ကိုင်သော ဒေသများသည် ဒုတိယနှစ်တွင် အခက်အခဲ ကြုံရမည် ဖြစ်သည်။ ““အယ်နီညိုကြောင့် သီးနှံတွေ ပျက်စီးတဲ့ အတွက် လယ်သမားတွေ ဒုက္ခရောက်မှာပဲ။ အဲဒီ ပြဿနာတွေကို အစိုးရက ဘယ်လို ရှင်းပေးမလဲ။ အစိုးရ အနေနဲ့ လယ်သမားတွေ အသက်ရှုချောင်ဖို့ အတွက် သီးနှံ အာမခံ စနစ်လိုမျိုး လယ်သမားတွေ အတွက် အထောက်အပံ့ ဖြစ်မယ့် အစီအစဉ်တွေ လုပ်ပေးဖို့ လိုတယ်။ အိန်္ဒိယနိုင်ငံမှာ သူတို့အစိုးရက ဘယ်လောက် အကာအကွယ် ပေးထားလဲ””ဟု လယ်သမား ကွန်ရက် ဦးဆောင်သူ ဦးတင်လင်းအောင်က ပြောသည်။ အိန်္ဒိယနိုင်ငံသည် ယခုနှစ်တွင် ဖြစ်ပွားမည့် အယ်နီညို ရာသီဥတုကြောင့် ၎င်းတို့ နိုင်ငံ၏ ပြည်တွင်း ထုတ်ကုန် (GDP) ပမာဏသည် (၀ ဒသမ ၄) ရာခိုင်နှုန်းသို့ ကျဆင်း သွားမည် ဖြစ်သည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည့် အခါ ဖြေရှင်းရန် အတွက် ဒုတိယသမ္မတ ခေါင်းဆောင်သော ဘေးအန္တရာယ် ကော်မတီ တစ်ခု ဖွဲ့စည်းထားသည်။““စီးပွားရေးကို ဘယ်လောက် အတိုင်းအတာ အထိ ထိခိုက်မယ် ဆိုတာတော့ တွက်ချက်လို့ မရဘူး။ အခုဖြစ်လာမယ့် သဘာဝဘေး အန္တရာယ်ကို တားဆီးလို့ မရဘူး။ ဒါပေမဲ့ ပြည်သူတွေ ဒုက္ခကြီးကြီး မားမား မဖြစ်အောင်တော့ အစိုးရက ကာကွယ်ပေးလို့ရတယ်””ဟု စီးပွားရေး ပညာရှင် ဒေါ်ရီရီမြင့်က ပြောသည်။ မြန်မာနိုင်ငံ၌ ၁၉၉၈ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်က အဆိုးဆုံးအဆင့် အယ်နီညို ဖြစ်ခဲ့ဖူးသည်။ ထို့အပြင်လည်း ကမ္ဘာ့ မိုးလေးဝသ စောင့်ကြည့် ခန့်မှန်းရေး အဖွဲ့များကလည်း ယခုနှစ် တစ်ကမ္ဘာလုံး ကြုံတွေ့ရမည့် အယ်နီညို ရာသီဥတုသည် ကမ္ဘာ့သမိုင်းတွင် စတုတ္ထမြောက် အပြင်းထန်ဆုံး ရာသီဥတု ဖြစ်လိမ့် မည်ဟု ခန့်မှန်း ထားသည်။

Messenger News

No comments:

Post a Comment