Tuesday, June 24, 2014

ရန်ကုန်မြို့တော်၏ ရေဆိုးရေပုပ်စုပ် ဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်မြို့တော်တွင် နေအိမ်၊ တိုက်တာ အဆောက်အအုံများ၏ ရေဆိုးရေပုပ် များကို ဝန်ဆောင် မှု ပေးနေသော ဝန်ဆောင်မှု လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ရေဆိုးရေပုပ်များကို သယ်ယူစွန့်ပစ်သော လုပ်ငန်းကို ပြည်သူလူထုအတွက် အကောင်းဆုံး ဝန်ဆောင် မှု ပေးနိုင်စေရန် ပုဂ္ဂလိက ကုမ္ပဏီထံသို့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း၊ ဌာနအနေနှင့် ဂါလန် ၁၂၀၀ ဆံ့ ယာဉ် ၁၀ စီး၊ ဂါလန် ၈၀၀ ဆံ့ ယာဉ်နှစ်စီး၊ ဂါလန် ၄၀၀ ဆံ့ ယာဉ် ၂၁ စီး၊ စုစုပေါင်း ၃၃ စီးဖြင့် ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကသို့ ဝန်ဆောင်မှုလုပ်ငန်း လွှဲပြောင်းရာတွင် ယာဉ် ၃၁ စီးကို လွှဲပြောင်းပေး မည် ဖြစ်ပြီး ဝန်ထမ်းအားလုံးကို ယာယီ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် လုပ်ကိုင်လိုသူများကို တင်ဒါခေါ်ယူမည် ဖြစ်ပြီး အသေးစိတ် သိလိုသည်များကို ဌာနတွင် လာရောက်စုံစမ်းနိုင်ကြောင်း၊ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်သော ကုမ္ပဏီကို ရွေးချယ်သွားမည် ဖြစ်ကြောင်း စက်ရုံနှင့် မော်တော်ယာဉ် ဌာနထံမှ သိရှိရသည်။

“ဝန်ဆောင်မှုလုပ်ငန်းတွေ ပုဂ္ဂလိကလွှဲတာ ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုပါ။ ပြည်သူ အကျိုး ဖြစ်အောင်တော့ လွှဲစေချင်တယ်။ ပုဂ္ဂလိက လွှဲပြီးမှ ပုဂ္ဂလိကတွေရဲ့ အကျိုးအမြတ်ရှာလို့ ပြည်သူ ဒုက္ခရောက် တာ၊ ဝန်ထုပ်ဝန်ပိုး ဖြစ်တာမျိုးတော့ မဖြစ်စေချင်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ထောက်ပြ ပြောကြားသည်။

ရေဆိုးရေပုပ်များ စွန့်ပစ်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသော ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်း နေရာတွင်သာ စွန့်ပစ်ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စက်ရုံနှင့် မော်တော်ယာဉ် ဌာနထံမှ သိရှိရသည်။

လတ်တလောတွင် မိလ္လာရေဆိုး ရေပုပ်စုပ်ယူသော ယာဉ်များကို ခေါ်ယူ အသုံးပြုလိုပါက ဂါလန် ၁၂၀၀ ဆံ့ ယာဉ်အကြီးတစ်စီးလျှင်မြို့နယ် အနီးအဝေးပေါ် မူတည်၍ ကျပ် ၁၂,၀၀၀ မှ ၂၈,၅၀၀ ကျပ်၊ ဂါလန် ၄၀၀ဆံ့ ယာဉ်တစ်စီးလျှင် ကျပ် ၈၀၀၀ မှ ကျပ် ၁၉,၀၀၀ ဖြင့် အသုံးပြုနိုင်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်ရှိ မြို့နယ်များမှ ထွက်ရှိသော အမှိုက်များကို သိမ်းဆည်းခြင်း၊ သယ်ယူစွန့်ပစ်ခြင်း လုပ်ငန်း များကို ပုဂ္ဂလိက လွှဲပြောင်းလုပ်ကိုင်ရန် လျှောက်ထားသော ပုဂ္ဂလိကအဖွဲ့ ခုနစ်ခုထဲမှ အောက်တိုဘာလ တွင် အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment