Monday, June 9, 2014

စာစစ် တင်းကျပ်မှုကြောင့် ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် ၃၁ ရာခိုင်နှုန်းကျော်သာရှိ


ပညာရေးစနစ် အမျိုးမျိုး စမ်းသပ် ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနက ၂၀၁၃- ၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာဖြေလွှာ စစ်ဆေးရာတွင် ရမှတ် ၄၀ မပြည့်ဘဲ အမှတ်အနည်းငယ် လိုနေသည်များကို ဖြည့်တိုးအမှတ် မပေးတော့သည့် အတွက် ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၆၇ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၇ ရက်နေ့က ထုတ်ပြန် ကြေညာသော တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် တစ်နိုင်ငံလုံး အောင်မြင်သူ ၁၇၁,၆၄၇ ဦးရှိပြီး မွန်ပြည်နယ်က ၄၆ ဒသမ ၇၅ ဖြင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“အရင်လို မဟုတ်ဘူး၊ အမှတ် ၄၀ မပြည့်ရင် အောင်မပေးတော့ဘူး။ ဒီနှစ် အောင်တဲ့သူတွေက အရည်အချင်း ရှိတဲ့ သူတွေပဲ” ဟု တိုင်းပညာရေးမှူး (ငြိမ်း) တစ်ဦးက ဆက်လက် ပြောဆိုသည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း အောင်ချက် ရာခိုင်နှုန်းများ သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ အောင်ချက်ရာခိုင်နှုန်း အနိမ်ဆုံးမှာ ချင်းပြည်နယ် ဖြစ်ပြီး ၈ ဒသမ ၀၇ ရာခိုင်နှုန်းသာ ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

သို့သော် အောင်ချက်ရာခိုင်နှုန်း နှစ်စဉ် ကျဆင်းသော ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၀၁၃ ခုနှစ် အောက်ချက်ထက် ၁ ရာခိုင်နှုန်းကျော် တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၃၅ ဒသမ ၁၃ ရှိကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။

ယခုနှစ် အောင်ချက်ရာခိုင်နှုန်း ကျဆင်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။

ယမန်နှစ်၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ၃၄ ဒသမ ၂၉ ရာခိုင်နှုန်း ဖြစ်သည်။


The Voice Weekly

No comments:

Post a Comment