Thursday, June 19, 2014

ထိုင်းရောက် မြန်မာအလုပ်သမားများ အဖမ်းအဆီး ရပ်ဆိုင်းဟုဆို

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးမှုမရှိဟု ကြေညာပြီး နောက်နေ့ ဇွန်လ ၁၈ ရက်နေ့တွင် မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးမှု ရပ်ဆိုင်းနေကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းစစ်တပ်နှင့် ရဲတို့က ယခင်ရက်များတွင် ဖမ်းဆီးခဲ့သော်လည်း ဇွန်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးနေသည်ကို မတွေ့ရကြောင်း ၎င်းကဆိုသည်။

အထောက်အထားရှိ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သားများကို ဖမ်းဆီးခြင်းမရှိဘဲ နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့် ပါမစ်၊ အလုပ်အကိုင် အတည်အကျ မရှိသူများကို စစ်ဆေးပြီး နယ်စပ်ဂိတ်များကို ပြန်ပို့နေသည်ဟု ထိုင်းကာကွယ်ရေးဦးစီးချုပ်က ဇွန်လ ၁၇ ရက်နေ့တွင် ကြေညာထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ပြောကြားသည်။

အထောက်အထား တစ်စုံတစ်ရာ မရှိသဖြင့် မြန်မာအလုပ်သမား ၅၃ ဦးကို မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ကြောင်း၊ အလုပ်လုပ်ခွင့် ပါမစ်၊ နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများ အပြည့်အစုံ ရှိသော်လည်း ဖမ်းဆီးခံရပါက နေ့ညမရွေး ဖြေရှင်းပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သေနတ်နဲ့ ပစ်တာ၊ ခြိမ်းခြောက်တာ လုံးဝမပြုလုပ်ဘူးလို့ ပြောသွားတယ်။ အလုပ်သမားတွေကို စိုးရိမ်ထိန့်လန့်အောင် မဟုတ်ပါဘူး။ စနစ်တကျ ရှိဖို့နဲ့ မှတ်တမ်းမှတ်ရာ ပြည့်စုံအောင်ရှိဖို့ လုပ်တာလို့ ပြောသွားတယ်” ဟု ထိုင်းနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ပြောဆိုချက်ကို ကိုးကားကာ ဦးသိန်းနိုင်က ပြန်လည် ပြောဆိုသည်။

တပ်မတော်က အာဏာသိမ်းထားသည့် ထိုင်းနိုင်ငံတွင် ဇွန်လ ၃ ရက်ခန့်မှ စတင်ကာ မဲဆောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရနောင်းတို့တွင် စတင်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား တစ်သောင်းဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း MWRN ထံမှ သိရှိရသည်။ 

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းကျော် ရှိသည်။


The Voice Weekly

No comments:

Post a Comment