Tuesday, June 10, 2014

ရွာပေါင်း ၈၀ ကျော်တွင် ဆိုလာလျှပ်စစ်များ အခမဲ့ တပ်ဆင်ပေးမည်ဟုဆို

လျှပ်စစ်မီးမရသေးသည့် မန္တလေးတိုင်းမှ ကျေးရွာ ပေါင်း ၈၀ ကျော်ရှိ အိမ်ခြေ တစ်သောင်းနှစ်ထောင်ကျော် အတွက် ဆိုလာလျှပ်စစ်များ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
  မန္တလေးတိုင်းဒေသကြီးအတွင်း ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ တံတားဦး၊ ငါန်းဇွန်၊ တောင်သာ၊ မလှိုင်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း အစရှိသည့်မြို့နယ် များရှိ ကျေးရွာပေါင်း
၁၂,၅၆၈ ရွာမှ အိမ်ခြေစုစုပေါင်း ၁၂,၅၆၈ အိမ်အား ဆိုလာလျှပ်စစ်များ အခမဲ့တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးနိုင်အောင်က ပြောကြားသည်။
တစ်အိမ်လျှင် ဆိုလာတစ်ချပ်၊ ဘက်ထရီတစ်လုံး၊ အင်ဗာတာတစ်လုံး၊ မီးသီးနှစ်လုံး၊ မီးချောင်း တစ်ချောင်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ တီဗီကြည့် ခြင်း၊ ဖုန်းအားသွင်းခြင်း များလည်း ပြု လုပ်နိုင် မည်ဖြစ်ကြောင်း၊ တစ်အိမ်လျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းကြား ကုန်ကျဖွယ်ရှိပြီး အဆိုပါ စီမံကိန်းအတွက် ကျပ် သန်းသောင်းနှစ်ထောင်ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ပြော သည်။
‘‘ရွာတိုင်းရွာတိုင်းက လျှပ်စစ်မီးပဲလိုချင်ကြတာ။ တစ်နှစ်ထက်တစ်နှစ်  အရေအတွက် ပိုတိုးပြီး လုပ်ပေးနိုင် မှာပါ’’ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်းလေးထောင်ကျော် ရှိသည့်အနက် ၁,၅၀၀ ခန့် မှာ လျှပ်စစ်မီးမရသေးပေ။ လျှပ်စစ်မီးမရသေးသည့်ကျေးရွာများကို တိုင်းဒေသကြီး အစိုးရနှင့် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနတို့ က ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
‘‘ကျွန်တော်တို့ရွာမှာတော့ ဘာမှမကြားသေးဘူး။ အခုလက် ရှိရွာထဲမှာ အင်ဂျင်နဲ့ပေးတဲ့ မီးလည်းရှိတယ်။ မီးချောင်းတစ်ချောင်း တစ်လကို နှစ်ထောင်ပေးရတယ်။ ကျွန်တော်တို့ကတော့ ဆိုလာပြားနဲ့သုံးနေတယ်’’ဟု ဝမ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာ မှ ဦးကျော်မြင့်က ပြောကြားသည်။
ဆိုလာလျှပ်စစ်အပြင် နွားထိုးကြီး၊ ဝမ်းတွင်း၊ ညောင်ဦး၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်း မြို့နယ်များမှ လျှပ်စစ်မီးမရသေးသည့် ကျေးရွာခြောက်ရွာတွင် မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက လျှပ်စစ် သွယ်တန်းပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
 7 Day Daily

No comments:

Post a Comment