Tuesday, June 10, 2014

လှိုင်သာယာမှ ရိုက်နှက်ခံရမှု ဗိုလ်ကြီးတစ်ဦးပါဝင်ဟု စွပ်စွဲ

လှိုင်သာယာမြို့နယ်တွင် ဇွန် ၅ ရက် ည ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးပါဝင်နေသည်ဟု အရိုက်ခံရသူများက စွပ်စွဲပြောဆိုလိုက်သည်။

ဖြစ်စဉ်မှာ အရိုက်ခံရသူ ဦးချစ်ဟန်သည် ၎င်းဦးလေးတော်စပ်သူနေအိမ်မှ ပြန်လာရာ အိမ်ရှေ့လက်ဘက် ရည်ဆိုင်အနီးရပ်တန့်ထားသည့် ကားမှအချက်ပေးသံများ ထွက်ပေါ်နေသည်ကိုသတိထားမိခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။

ထို့နောက် ရပ်ကွက်တွင်းနေ ဦးကျော်သိန်းထံသွားရောက် ပြောကြားခဲ့သည်ဟု အရိုက်ခံရသူက ဆိုသည်။
“အဲ့ဒီနေ့က သူလာပြောတော့ ကျွန်တော်က ပိုင်ရှင်ကိုရှာခိုင်းလိုက်တယ်။ မင်္ဂလာဆောင်နဲ့
အသုဘရှိနေ တော့ အဲ့ဒီနေရာက ဧည့်သည်တွေပဲလို့ တွေးမိလို့ သွားမေးဖို့လွှတ်ခဲ့တာပါ”ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ အတွင်းရေးမှူး ဦးကျော်သိန်းက ပြောသည်။

ကားပိုင်ရှင် သွားရောက်ရှာဖွေရာ အသုဘအိမ်သို့ ရောက်ရှိချိန် ပိုင်ရှင်ကိုတွေ့ရှိသဖြင့် ကားမှာအော်နေပြီး ကားရွေ့ပေးရန်ပြောရာ ကားပိုင်ရှင်နှင့် လိုက်ပါလာသူတစ်ဦးက အနီးရှိ ထင်းဆိုက်ရန်ထားသော ပျဉ်းက တိုးသား တုတ်များဖြင့် ရိုက်ခဲ့သည်ဟု ဆိုသည်။

“ရိုက်လိုက်တော့ ကျွန်တော်က မေ့သွားတယ်။ ဘာမှမသိတော့ဘူး”ဟု ဦးချစ်ဟန်က ဆိုသည်။ထိုသို့ ရိုက် နေစဉ်အတွင်း လက်ဘက်ရည်ဆိုင် တာဝန်ခံ ဦးအညာသားက ၀န်ရောက်ပြောဆိုရာ ၎င်းကိုပါ ထပ်မံ ထိုးနှက်ခဲ့သည်ဟု ဆိုသည်။

ထိုအချိန်တွင် အရိုက်ခံရသူ ဦးချစ်ဟန်၏ အစ်မတစ်ဝမ်းကွဲရောက်လာပြီး “ကျွန်မကို ထိုးပါတယ်။ ကျွန်မကို ထိုးနေတာကို ကျွန်မသမီးလေးတွေ့တဲ့အခါ အမေ့ကို မလုပ်ပါနဲ့ ပြောတော့ သမီးကိုပါထိုးတယ်။ ပြီးတော့ ငါကဗိုလ်ကြီး၊ အရာရှိတွေကွလို့ ပြောပြီး ကားပေါ်တက်မောင်းပြေးသွားပါတယ်”ဟု အထိုးခံရသူ မမြင့်မြင့် ခိုင်က ပြောသည်။

အရိုက်ခံရသူ ဦးချစ်ဟန်ကို အင်းစိန် ဆေးရုံသို့ တင်ပို့သော်လည်း ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်း ပေးခဲ့သည်ဟု မမြင့်မြင့်ခိုင်ကဆိုသည်။

အရိုက်ခံရသည့် ဒဏ်ကြောင့် ဦးခေါင်းတွင် ၄၂ ချက်ခန့်ချုပ်ထားရပြီး ဆေးရုံမှ ဇွန် ၇ ရက်နံနက်တွင် ပြန် လည်ဆင်းခဲ့သည်။

“အမှုက အခုမှစစ်ဆေးနေတုန်းပဲ ရှိ သေးပါတယ်။ တရားခံက ဘယ်သူဘယ်ဝါဆိုတာ သေချာမသိသေး ပါဘူး”ဟု အမှုစစ်ဆေးနေသည့် ဒု-ရဲအုပ် ဦးစိုးနိုင်က ပြောသည်။

ရိုက်နှက်သွားသူများသည် Aerosoft ဖိနပ်တစ်ရံနှင့် ZTE အမှတ်တံဆိပ် ၀၉၄၉ နှင့်စသည့် ဖုန်းတစ်လုံး ကျန်ရှိခဲ့ပြီး ဖုန်းမှတ်တမ်းများအရ ဖုန်းပိုင်ရှင်မှာ မောင်မောင်ကျော် ဖြစ်သည်။


Mizzima

No comments:

Post a Comment