Monday, June 9, 2014

လမ်းမတော်တွင် ကလေးငယ်နှစ်ဦး အိမ်ရှင်များ နှိပ်စက်

လမ်းမတော်မြို့နယ် အမှတ် (၈) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ လေးလွှာ တိုက်ခန်းတွင် အိမ်ရှင်အမျိုးသမီး၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသော ကလေးငယ်နှစ်ဦးကို ဇွန်လ ၅ ရက် နံနက်ပိုင်းက ရပ်ကွက်နေသူများက ကယ်တင်ခဲ့ကြောင်း လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တွင် နေထိုင်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသူ မမေရီနှင့် ဟိုပုံးမြို့နယ်တို့တွင် နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် ပဉ္စမတန်းကျောင်းသား မောင်ခွန်ရွှေအောင်
တို့မှာ အိမ်ရှင်အမျိုးသမီး၏ နေ့စဉ် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသဖြင့် အိမ်ရှင် နေအိမ်တွင် မရှိချိန် ၎င်းတို့ကို ကယ်တင်ပေးရန် လေးလွှာတိုက်ခန်း ပြတင်းပေါက်မှ ရပ်ကွက်ကို အော်ဟစ် အကူအညီ တောင်း ခံမှုကြောင့် ရပ်ကွက်နေသူများက ကယ်ဆယ်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ငွေက ပြောကြားသည်။

“ဇွန်လ ၃ ရက်နေ့ မနက်က ကလေးနှစ်ယောက်က ကယ်ပါဆိုပြီး အိမ်ရှင် မရှိချိန် တိုက်ခန်း ပြတင်းပေါက် ကနေ အော်နေတာကို ဘေးပတ်ဝန်းကျင်က ကြားလို့ ရပ်ကွက်ရုံးကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်။ ဇွန် ၅ ရက်နေ့ မနက်ပိုင်းမှာ ထပ်ပြီး အကူအညီ တောင်းနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့က သွားကယ်ထုတ်ခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးငယ်နှစ်ဦး ပြတင်းပေါက်မှ အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရုံးရေးမှူး ရုံးမှ တာဝန်ရှိသူများက ယင်းတိုက်ခန်းသို့ လာရောက်ရာတွင် တိုက်ခန်းတံခါးကို သော့နှစ်ထပ် ပိတ်ထားသဖြင့် အိမ်ရှင်အမျိုးသမီး ပြန်လာချိန်ကို စောင့်ဆိုင်းပြီးမှ ကလေးငယ်နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရှိရသည်။

“သားတို့ကို ပန်းကန်ဆေး၊ ကြမ်းတိုက် အိမ်အလုပ်တွေ လုပ်ခိုင်းတာ မလုပ်တတ်လို့ ဆိုပြီး ပိုက်လုံးနဲ့ ရိုက်တယ်။ ခေါင်းကို သံရိုက်တဲ့ တူနဲ့ထုတယ်။ နေ့တိုင်း ရိုက်ခံနေရတာကြောင့် အိမ်ပြန်ချင်လို့ အိမ်ရှင် မရှိချိန် ရပ်ကွက်ကို အကူအညီတောင်းတာ” ဟု မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ညိုမဲစွဲ ဒဏ်ရာ များဖြင့် မောင်ခွန်ရွှေအောင်က မျက်ရည်များ ရစ်ဝဲစွာဖြင့် ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် ငါးဝိုင်း ပအို့ဝ်ကျောင်းတိုက်မှ သံဃာတစ်ပါး၏ အဆက်အသွယ်ဖြင့် ပအို့ဝ်တိုင်းရင်းသားကလေးငယ်နှစ်ဦးကို ကျောင်းထားပေးရန် နေအိမ်သို့ ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း၊

 ဘေးပတ်ဝန်းကျင်မှ ကလေးငယ် နှစ်ဦးကို နေ့စဉ် ရိုက်နှက် ညှဉ်းဆဲသည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ အိမ်ရှင်အမျိုးသမီးက ရှင်းပြသည်။

“နေအိမ်မှာ တစ်ယောက်ထဲ အဖော်မရှိလို့ အဖော်လည်းရ ကလေးတွေလည်း ပညာသင်ကြားခွင့် ရအောင် ခေါ်ထားတာ။ ဘုရားဆွမ်းတော် မကပ်ရသေးခင် ဟင်းခိုးစားတယ်။ ပြီးတော့ သောက်ရေပုံးထဲကို ထမီ ထည့်စိမ်ထားတာတွေကြောင့် စိတ်အရမ်းဆိုးပြီး ကြက်မွှေးတုတ်နဲ့ တစ်ခါ ရိုက်ခဲ့တယ်။ နေ့စဉ် ရိုက်နှက် ညှဉ်းဆဲနေတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု အိမ်ရှင်အမျိုးသမီးက ပြောကြားသည်။

ကလေးငယ်နှစ်ဦးအနက် မောင်ခွန်ရွှေအောင်မှာ ယင်းတိုက်ခန်းသို့ ရောက်ရှိနေသည်မှာ ရက်သတ္တပတ် သုံးပတ်ခန့် ရှိပြီး မမေရီမှာ တစ်ပတ်ခန့်သာ ကြာမြင့်သေးကြောင်း၊ ကလေးများ ကျောင်းထွက်လက်မှတ် ထုတ်ယူနေမှု အခက်အခဲကြောင့် ကျောင်းမအပ်ရသေးကြောင်း ယင်းအမျိုးသမီးက ဆက်လက် ရှင်းပြသည်။

“ကလေးတွေရဲ့ ဒဏ်ရာကို စစ်ဆေးထားတဲ့ ဆေးစာ ရဲစခန်းမှာ ရှိတယ်။ သူမနှိပ်စက်ဘူး ဆိုရင် ဒီကလေးတွေက ရပ်ကွက်ကို အော်ပြီး အကူအညီတောင်းမှာ မဟုတ်ဘူး။ အခု အမှုဖွင့်ထားပြီး ဥပဒေအတိုင်း ဆက်ပြီး ဆောင်ရွက်သွားမယ်” ဟု လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြောကြားသည်။

အဆိုပါ ကလေးငယ်နှစ်ဦးကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ထိန်းသိမ်း စောင့်ရှောက်ထားပြီး ၎င်းတို့၏ မိဘများနှင့် အဆက်အသွယ်ရရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးငယ်နှစ်ဦးကို အိမ်အလုပ်များ စေခိုင်းရာတွင် စိတ်တိုင်းမကျသောကြောင့် ကြိမ်လုံး၊ ရေပိုက်၊ တုတ်တို့ဖြင့် ရိုက်နှက်ခဲ့သူ အိမ်ရှင်အမျိုးသမီးကို အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ လမ်းမတော်မြို့မ ရဲစခန်းက (ပ) ၁၂၆/ ၁၄၊ ပုဒ်မ ၃၂၅/ ၂၉၄ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။

မိသားစု စားဝတ်နေရေးနှင့် ပညာရေးတို့အတွက် အရွယ်မရောက်သေးသော ကလေးငယ်များမှာ ရန်ကုန်မြို့တော်သို့ လာရောက်၍ အိမ်အကူဘဝများဖြင့် လုပ်ကိုင်နေရစဉ် အိမ်ရှင်အချို့က စိတ်တိုင်း မကျသောအခါ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုခံနေရသည်ကို မကြာခဏ ကြားသိနေရကြောင်း၊ ယင်းကဲ့သို့ ကိစ္စများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မိမိတာဝန်ယူ ဆောင်ရွက်ရသော ရပ်ကွက်ရှိ နေအိမ် တိုက်ခန်းများကို ဂရုစိုက် စောင့်ကြည့်သင့်ပြီး မတရား နှိပ်စက် ညှဉ်းပန်းမှုမျိုး ကြားသိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက် သင့်ကြောင်း လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြောကြားသည်။

Mizzima

No comments:

Post a Comment