Monday, June 9, 2014

ငွေကျပ်ငါးဘီလီယံကျော် ကုန်ကျမည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဇူလိုင်လတွင် အကောင်အထည်ဖော်နိုင်မည်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်တွင် ငွေကျပ် ငါးဘီလီယံကျော်ကုန်ကျမည့် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းကို ဇူလိုင်လတွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အိုးအိမ်က မြရည်နန္ဒာရပ်ကွက်မှာ အကောင်အထည်ဖော်မယ့်တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အတွက် ငွေ ကျပ် ငါးဘီလီယံကျော် ကြိုတင်စိုက်ထုတ် ထားပါတယ်။ ဘယ်လောက်ကုန်ကျမယ်ဆိုတာတော့ အသေးစိတ် မထွက်လာသေးပါဘူး” ဟု ၎င်းက ပြောသည်။

နေပြည်တော်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရှိ မြို့ပြနှင့် စီမံကိန်း ဌာနခွဲကတာဝန်ယူကာ အဆောက် အအုံ ဒီဇိုင်းရေးဆွဲလျက်ရှိပြီး ယခုနှစ်ဇူလိုင်လထဲ နောက်ဆုံးထားဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

လက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ဆောက်လုပ်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွင်းရှိ မြေဧရိယာတွင် ဆောက်လုပ်သွားမည်ဖြစ်သည်။

လေးခန်းတွဲ လေးထပ်ပါဝင်ဖွဲ့စည်းထားသည့် အဆောက်အအုံအလုံးရေ ၃၃ လုံးကိုတည်ဆောက် သွားမည်ဖြစ်ပြီး အခန်း စုစုပေါင်း ၅၀၀ ကျော်ကို ရရှိမည်ဖြစ်သည်။

၎င်းစီမံကိန်းကို ပြည့်သူဆောက်လုပ်ရေး လက်အောက်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနက ငွေကြေးစိုက်ထုတ်ကာ တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်မှုအပိုင်းအတွက် လိုအပ်ပါက တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားရန် အစီအစဉ်ရှိသော်လည်း အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

တန်ဖိုးမျှတအိမ်ရာစီမံကိန်းကိုလည်း အစိုးရ၀န်ထမ်းများသာမက ပုဂ္ဂလိကများကို ရောင်းချသွားရန် အစီအစဉ်ရှိပြီး တန်ဖိုး သတ်မှတ် ရာတွင် ပြည်သူ့ဆောက်လုပ်ရေးက တွက်ချက်သတ်မှတ်မည်ဖြစ်ပြီး မန်းတိုင်း အစိုးရအဖွဲ့၏ ညွန်ကြားချက်အတိုင်း ရောင်းချသွားမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment