Wednesday, June 18, 2014

မင်္ဂလာဒုံတွင် လင်မယားနှစ်ဦး ဓားထိုးခံရ၊ ခင်ပွန်းဖြစ်သူ ပွဲချင်းပြီးသေဆုံး

လင်မယားနှစ်ဦး စကားများနေချိန်တွင် တစ်လမ်းတည်းတွင် နေထိုင်သူက လာရောက်၍ ၎င်းတို့နှစ်ဦးကို ဓားဖြင့်ထိုးသဖြင့် ခင်ပွန်းဖြစ်သူပွဲချင်းပြီး သေဆုံးသွားသော ဖြစ်စဉ်တစ်ခု ဇွန် ၁၆ ရက်၊ ည ၁၀ နာရီခွဲ ၀န်းကျင်ခန့်က မင်္ဂလာဒုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဝင်းမြင့်က ပြောသည်။

ဖြစ်ပွားပုံမှာ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အောင်မင်္ဂလာ (၁) လမ်းတွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် ဦးစောမင်းနှင့် အသက် ၃၁နှစ်အရွယ် ဒေါ်မြင့်မြင့်စိုးတို့ လင်မယားနှစ်ဦးသည် နေအိမ်၌ စကားများရန်ဖြစ်နေစဉ် တစ်တမ်းတည်းနေ အသက် ၂၀ အရွယ် ရဲလင်းအောင်(ခ)ရဲလေးက နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး ဆူညံသည်ဟု ပြောဆိုကာ ဦးစောမင်းကို ဆဲဆိုနေခဲ့သည်။

ထို့နောက် ဦးစောမင်းနှင့် ရဲလင်းအောင်တို့ နှစ်ဦး အပြန်အလှန် ဆဲဆိုစကားများကြ ပြီး ဦးစောမင်းက တုတ်ဖြင့် ထွက်ရိုက်စဉ် ရဲလင်းအောင်က အသင့်ပါလာသော အရိုး၊ အသွား ရှစ်လက်မခန့်ရှိသည့် ဆင် စွယ်ရောင် ကော်ရိုးတပ်ဓားနှင့်ထိုးသဖြင့် ဦးစောမင်းတွင် ၀ဲဘက်ရင်အုံထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ၀ဲဘက်နံစောင်းထိုးသွင်း ဒဏ်ရာ နှစ်ချက်ရရှိကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဇနီး ဖြစ်သူတွင်လည်း ဓားဒဏ်ရာ များရရှိခဲ့သည် ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်

“ခင်ပွန်းကတော့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဇနီးဖြစ်သူကတော့ မြောက်ဥက္ကလာပဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ အသက်အန်္တရာယ် စိုးရိမ်စရာမရှိ ပါဘူး။ ကျူးလွန်သူကိုလဲ စခန်းမှာဖမ်းဆီး စစ်ဆေး နေပါတယ်” ဟု မင်္ဂလာဒုံမြို့မ စခန်းမှူး ဦးဝင်းမြင့်ကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရဲလင်းအောင်(ခ)ရဲလေးကို မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ)၂၆၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment