Tuesday, June 10, 2014

တရားဥပဒေစိုးမိုးရေး ကော်မတီနှင့် မျိုးစောင့်ဥပဒေ ကန့်ကွက်သည့် အဖွဲ့များ တွေ့မည်

ဒေါ်ဆောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းကို ကန့်ကွက်စာ ထုတ်ပြန်ထားသော အရပ်ဘက် လူ့အဖွဲ့အစည်းများ ဇွန်လ ဒုတိယပတ်အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ မျိုးစောင့် ဥပဒေကို ကန့်ကွက်ထားသည့် အဖွဲ့အစည်းတစ်ခုမှ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ဒေါ် သင်းသင်းအောင်က ပြောကြားသည်။

အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရာတွင် လူ့အခွင့်အရေး မထိခိုက်ရေး အဓိကထား ဆွေးနွေးရန် ဇွန်လ ၁၁ ရက်နေ့၌ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ထားပါတယ်၊ ထုတ်ပြန်ထားတဲ့အတိုင်း ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ပထမဆုံး လက်ခံသော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့ကို
တောင်းဆိုထားသော်လည်း ပြန်ကြားခြင်း မရှိသေးကြောင်း အဆိုပါ အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါ အရပ်ဘက် အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တွေ့ ဆုံမည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည် ဟုတ်မဟုတ် မသေချာသေးကြောင်း အဆိုပါ ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။
“ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) အားတဲ့အချိန် ဆိုရင်တော့ လက်ခံတွေ့ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေး ရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းသို့ မျိုးစောင့်ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို ကန့်ကွက်ကြောင်းနှင့် မျိုးစောင့်ဥပဒေ ရေးဆွဲရာတွင် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်မှု နည်းပါးစေရန်အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ နိုင်ငံတော် သံဃ မဟာ နာယကနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီတို့နှင့် တွေ့ ဆုံရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ထုတ်ပြန် ပြောကြား ထားသည်။

The Voice

1 comment:

  1. မျိုးမစစ်တွေ အမျိုးယုတ်တွေ တွေ့မဲ့ပွဲ ရှုးရှုး

    ReplyDelete