Tuesday, June 10, 2014

မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး အမေရိကန်အစိုးရ အကူအညီ တိုးပေးမည်

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်ရှိနေသော မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရ၏ မူဝါဒနှင့် အထောက်အပံ့ အစီအစဉ်များကို ထပ်တိုး ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း အာရှပစိဖိတ် ဒေသတွင်းဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Daniel Russel က ပြောကြားသည်။

တပ်မတော်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ကာလအတွင်း အမေရိကန်အစိုးရ၏ အထောက်အပံ့ အစီအစဉ်များ တိုးမြှင့်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အစီအစဉ်များကို ၂၀၀၀ ပြည့်နှစ်ကတည်းက ပံ့ပိုးပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့ပေးခဲ့သည်။

“အမေရိကန်အစိုးရ အနေနဲ့ နှစ်နိုင်ငံ စီးပွားရေး သဘောတူညီမှုတွေ၊ ပညာရပ်ဆိုင်ရာ ဖလှယ်တဲ့ အစီအစဉ်တွေကြောင့် ဂုဏ်ယူမိတယ်” ဟု Mr.Daniel Russel က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုက လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပြောင်းလဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု ရှိသော အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး၊ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းနှင့် အစားအစာ လုံခြုံရေးကဏ္ဍတို့တွင် ပံ့ပိုးကူညီပေးလျက် ရှိသည်။


The Voice Weekly

No comments:

Post a Comment