Tuesday, June 17, 2014

ဗုဒ္ဓအဆုံးအမနှင့်ဆန့်ကျင်၍ မဟာသန္တိသုခကျောင်းတိုက်နေ သံဃာတော်များအား အင်အားသုံးဖယ်ရှားကာ တစ်ဖက်သတ်လူဝတ်လဲစေမှုသည် အာဏာအလွဲသုံးပြုလုပ်ခြင်းဖြစ်ဟု အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ထုတ်ပြန်

မဟာသန္တိသုခကျောင်းတိုက်နေ သံဃာတော်များအား အင်အားသုံးဖယ်ရှားမှုအပေါ် အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က ဇွန် ၁၆ ရက်နေ့စွဲဖြင့် ကန့်ကွက်စာထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် "ပီနန်ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာနာယကတို့အကြားမဟာသန္တိသုခကျောင်း ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်ကာ အငြင်းပွားလျက်ရှိသည်။ ကျောင်းတိုက် တစ်ခုပိုင်ဆိုင်ခြင်း အငြင်းပွားမှုဖြစ်ပေါ်လာသော အခါ ဒေသနာလာအဆုံး အဖြတ်တို့ဖြင့် တရားနည်းလမ်းတကျပြုလုပ်ရန် အတိအကျသတ်မှတ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓအလိုကျ လုပ်ထုံးလုပ်နည်းတို့ကို စည်းကမ်းသတ်မှတ်ဆုံးဖြတ်လာခဲ့ပြီးဖြစ်သည်။ ထိုအငြင်းပွားမှုကို ဗုဒ္ဓ၏နည်းလမ်းတကျ ဖြေရှင်းနည်းရှိပါလျက် အင်အားများစွာဖြင့် သန္တိသုခကျောင်းအတွင်းသို့ ၀င်ရောက်ကာ သီတင်းသုံးကြသောသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်းကို ၁၀.၆.၂၀၁၄ ညတွင် ပြုလုပ်ခဲ့ကြသည်။ ပြည်ပသာသနာပြုဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို ကာယကံရှင်ဆန္ဒမပါဘဲ အတင်းလူဝတ်လဲ တရားစွဲခဲ့သည်" ဟု ဖော်ပြထားသည်။

ထို့အပြင် "ဗုဒ္ဓအဆုံးအမကိုခံယူပြီးဟု မိမိကိုယ်ကို သတ်မှတ်ထားပါလျက် ဗုဒ္ဓအဆုံးအမနှင့်ဆန့်ကျင်ပြီး အင်အားသုံးကာ သံဃာတော်တို့အား ဖယ်ရှားမှု၊ အပြစ်မရှိသော သံဃာတော်တို့ကို အတင်းတစ်ဖက်သတ် လူဝတ်လဲစေမှုတို့သည် မပြုလုပ်သင့်သည်ကို အာဏာအလွဲသုံး ပြုလုပ်ခြင်းသာဖြစ်သည်" ဟု အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့က ထုတ်ပြန်ထားသည်" စသည်ဖြင့် ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်အပေါ် ထောက်ဆပြီး ထိုမတရားပြုမူချက်တို့ကို ကန့်ကွက်ကြောင်းနှင့် ဗုဒ္ဓနည်းလမ်းကျ အဆုံးအဖြတ်အတိုင်း အမြန်ဆောင်ရွက်ပေးရန် သက်ဆိုင်သူအားလုံးသို့ တောင်းဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒိန်းမတ်နိုင်ငံတွင် တရားဝင်ဖွဲ့စည်းထားသည့် ဗုဒ္ဓရံသီသာသနာပြုအသင်းကြီး၏ ဥက္ကဋ္ဌဖြစ်ကာ ဒိန်းမတ်ဗမာဘုန်းတော်ကြီးကျောင်းကို ဆောက်လုပ်သူ ဆရာတော်ဦးဥတ္တရ (လန်ဒန်) အပါအ၀င် သံဃာတော်များအား မဟာသန္တိသုခကျောင်းအတွင်းသို့ အကြမ်းဖက်စီးနင်းဝင်ရောက် ဖမ်းဆီးလူဝတ်လဲကာ မတရားပုဒ်မတပ်ဆင်ခြင်းကြောင့် ယင်းအသင်းမှပင် အချက်လေးချက်ကို ဇွန် ၁၄ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့ကြောင်း သိရသည်။ ယင်းတောင်းဆိုချက်များမှာ မတရားဖမ်းဆီး လူဝတ်လဲခံထားရသည့် သံဃာတော်များအား မဆိုင်းမတွ ချက်ချင်းလွှတ်ပေးရန်၊ တရားမျှတ၊ မှန်ကန်သော တရားစီရင်ရေးစနစ် အကောင်အထည်ဖော်ပေးရန်၊ ဒီမိုကရေစံနစ်ကို အကောင်အထည်ဖော်နေသော ဦးသိန်းစိန်အစိုးရက ၎င်းတို့တာဝန်ကျေပွန်ရန်၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များကလည်း ဘာသာခြားများကလေးစားရပါသော မြတ်စွာဘုရားချမှတ်ခဲ့သည့် ၀ိနည်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်းဦးဥတ္တရ (လန်ဒန်ဆရာတော်) အပါအ၀င် သံဃာတော်ငါးပါးကို တိုင်းသံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀။၉၀၊ ပုဒ်မ-၂၉၅ (က) ဖြင့် ဇွန် ၁၃ ရက်တွင် လူဝတ်လဲစေကာ လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံသံဃာတော်များမှာ ဦးဥတ္တရ (လန်ဒန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးပညာဝရ (လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒ (နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ကယားဆောင်အဆောင်မှူး) တို့ဖြစ်ကြပြီး ဆရာတော်ငါးပါးစလုံးမှာ အာဂန္တုအနေဖြင့် လာရောက်သီတင်းသုံးသည့် သံဃာတော်များသာဖြစ်ကြောင်း ပီနန်ဆရာတော်မှ မိန့်ကြားသည်။

အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသော အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာတော်ငါးပါးအား ဇွန် ၁၆ ရက်တွင် ၈၈ မှတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များနှင့် ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများအဖွဲ့ စုစုပေါင်း အယောက် ၆၀ ခန့်မှ သွားရောက်တွေ့ဆုံခဲ့ရာတွင် တွေ့ဆုံခွင့်မရခဲ့ဘဲ ပါဆယ်သဘောမျိုးသာ ပေးခွင့်ရခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သူများထံမှ သိရသည်။

"ကျွန်တော်တို့တွေ့ခွင့်တော့ မရခဲ့ဘူး။ ပါဆယ်သဘောမျိုးပဲ ပေးခွင့်ရခဲ့တယ်။ မိသားစုဝင်မဟုတ်တဲ့အတွက် တွေ့ဆုံခွင့်မပေးတာလို့ပြောတယ်။ ဒါပေမဲ့ ပါဆယ်ပေးတဲ့ အခါမှာတော့ ကောင်းကောင်းမွန်မွန်ပဲ လက်ခံရပါတယ်။ ဖမ်းဆီးခံဆရာတော်တွေရဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း မသိခဲ့ရပါဘူး" ဟု ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးရာဇာက ပြောသည်။

Eleven Media Group

No comments:

Post a Comment