Tuesday, June 17, 2014

သမ္မတဖြစ်လာရေးသည် ပြည်သူလူထုအပေါ်မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ် လာရေးသည် ပြည်သူလူထု၏ ဆန္ဒအပေါ်တွင် မူတည်နေကြောင်း နီပေါနိုင်ငံ ခရီးစဉ်နောက်ဆေုံးနေ့တွင် ပြောကြား ခဲ့သည်ဟု အေပီ သတင်းဌာနက ဖော်ပြခဲ့သည်။

၎င်းအား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်တားဆီးထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ မပြင်ဆင်ရန် မဲပေးဆုံးဖြတ်မှုအပေါ် ဇွန် ၁၆ ရက်က တုံ့ပြန်ပြောဆိုရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"အနာဂတ်မှာ ကျွန်မသမ္မတ ဖြစ် မဖြစ်ဆိုတာက ပြည်သူတွေရဲ့ဆန္ဒပေါ် မူတည် ပါတယ်။ ပြည်သူတွေ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် လိုတဲ့ စိတ်ဆန္ဒ၊ သူတို့စိတ်ကြိုက် သမ္မတကို ရွေးချယ်လိုတဲ့ စိတ်ဆန္ဒတွေအပေါ် မူတည်နေ ပါတယ်" ဟု နီပေါနိုင်ငံ ခရီးစဉ်နောက်ဆုံးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် က ပြောကားသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အိမ်ထောင်ဘက်သို့မဟုတ် သားသမီးများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်နေပါက အဆိုပါပုဂ္ဂိုလ်၏ သမ္မတဖြစ်ခွင့် သို့မဟုတ် ဒုတိယသမ္မတဖြစ်ခွင့်ကို တားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူခင်ပွန်းသည်နှင့် သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသည်။

လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ က အဆိုပါတားမြစ်ချက်ကို ပြင်ဆင်ခြင်း မပြုရန် ဆုံးဖြတ်မဲပေးခဲ့သည်။ အကယ်၍ အဆိုပါထောက်ခံ ချက်သည် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ကိုရရှိပါက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို သိသိသာသာသက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အဓိက ကျွန်မတို့ပြင်ဆင်ချင်တာက စစ်တပ်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးငြင်းဆန်ပိုင်ခွင့် ဗီတိုအခွင့်အာဏာပေးအပ်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ခြင်း ပြဋ္ဌာန်းချက် ကိုပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့သည်။

"အဲဒီတော့ ကျွန်မတို့ပြောင်းချင်တာက ဖွဲ့စည်းပုံပြင်ဆင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့ အချိန်တိုင်းမှာ ရွေးကောက်ခံ ထားရတဲ့ ဥပဒေပြုလွှတ်တော် အမတ်အများစု အနေနဲ့ ပြင်ဆင်ခွင့်ရနိုင်ဖို့ပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြီးခဲ့သည့် စစ်အစိုးရက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အစိုးရအတွင်း စစ်တပ်အနေဖြင့် ဆက်လက်လွှမ်းမိုးနိုင်ရေးအတွက် အာမခံချက်ရှိရန် ရေးဆွဲထားခြင်းဖြစ်သည်။ ထိုအခြေခံဥပဒေအရ တပ်မတော်သည် လွှတ်တော်အတွင်း ကိုယ်စားလှယ်အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို ရရှိထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည့် မည်သည့်အချက်ကို မဆို ငြင်းဆန် ခွင့်ရှိနေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရရှိရန်လိုအပ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရမည်ဖြစ်သည်။

"ဖွဲ့စည်းပုံဟာ ကျွန်မကိုစိတ်ထဲမှာထားပြီး ရေးဆွဲခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနည်းကျပြောရမယ်ဆိုရင် ဒီလိုမျိုးတစ်ဦးတစ်ယောက်ကိုရည်ရွယ်ပြီး တမင်တကာရေးဆွဲ ထားတဲ့ဖွဲ့စည်းပုံမျိုးဆိုတာ ဘယ်လိုမှကို လက်သင့်ခံနိုင်စရာအကြောင်းမရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံတွင်ရှိနေစဉ်အတွင်း ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ပြီး ဘုရားရှင်ဖွားမြင်တော်မူခဲ့သည့် နီပေါတောင်ပိုင်းရှိ လုမ္ဗိနီဥယျာဉ်သို့လည်း သွားရောက်ခဲ့သည်။

ဇွန် ၁၆ ရက်ည ၁၀ နာရီက နီပေါနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြစဉ်(ဓာတ်ပုံ-ငြိမ်းဇော်လင်း)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ၁၉၇၃ ခုနှစ်က အင်္ဂလိပ်စာပြဆရာမအဖြစ် အလုပ်လုပ်ခဲ့သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသို့ ဇွန် ၁၆ ရက်က သွားရောက်စဉ်

Eleven Media Group

No comments:

Post a Comment