Wednesday, June 18, 2014

ဆရာတော်များအား ဖမ်းဆီးထားခြင်းကို အစိုးရ လျစ်လျူရှု၍ မရဟု ဆရာတော်ဦးဝီရသူ မိန့်ကြား

မဟာသန္တိသုခကျောင်းမှ ဆရာတော် ငါးပါးအား လူဝတ်လဲ ဖမ်းဆီးထားခြင်း နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် လျစ်လျူရှု မရကြောင်း ဆရာတော် ဦးဝီရသူက The Messenger သတင်းစာသို့ မိန့်သည်။ သန္တိသုခကျောင်း ပိုင်ဆိုင်ခြင်း ကိစ္စက သံဃာ နာယက က ဆုံးဖြတ်ရမှာတော့ မှန်တယ်။ ဒါပေမဲ့ ဆရာတော်တွေကို ဖမ်းဆီး ထားတဲ့ ကိစ္စကိုတော့ အစိုးရက လျစ်လျူရှုလို့တော့ မရဘူး။ အစိုးရက ပြန်လွှတ် မလား၊ ဒါပဲ ပြောရမှာပဲ ဟု ဆရာတော်ဦးဝီရသူ က မိန့်ကြားသည်။ သံဃာတော် များအား ပြန်မလွှတ်ပါက ဆန္ဒပြမည် ဟုလည်း ဦးဝီရသူ က The Messenger ဂျာနယ် အင်တာဗျူး တွင် မိန့်ကြားထားသည်။ ဇွန်လ (၁၀) ရက်နေ့၊ နံနက် (၁) နာရီ အချိန်တွင် ပီနန် ဆရာတော်ဦးပညာဝံသ၏ မဟာသန္တိသုခ ကျောင်းတော်ကြီးအား နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့၏ ညွှန်ကြားချက်ဖြင့် တိုင်းသံဃာ့ နာယက အဖွဲ့မှ တာဝန်ရှိသူများ၊ စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များ၊ ရဲတပ်ဖွဲ့ဝင် အင်အားများသုံး၍ ကျောင်းတော်ကြီးတွင် သီတင်းသုံး နေထိုင်သော သံဃာ ခုနစ်ပါးအား ခေါ်ယူသွားခဲ့ပြီး၊ ကျောင်းတော်ကြီးကို ချိတ်ပိတ် ခဲ့သည်။
ထို သံဃာခုနစ်ပါး အနက် လန်ဒန် ဆရာတော်ဦး ဥတ္တရ အပါအ၀င် ငါးပါးအား ဇွန်လ(၁၃) ရက်နေ့က လူဝတ်လဲ၍ တာမွေမြို့မရဲစခန်းမှတစ်ဆင့် အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ သာသနာရေး ပစ္စည်းတွေ၊ ကျောင်းပိုင် တာတွေတို့၊ ကျောင်းထိုင် ကိစ္စတို့ ဆိုတာ သံဃာ့ မဟာနာယက အဖွဲ့ကပဲ ဆုံးဖြတ်တာပဲလေ။ ဘယ်နေရာ မဆို ခရစ်ယာန် ဘုရားကျောင်းပဲဖြစ်ဖြစ်၊ ဗလီပဲ ဖြစ်ဖြစ်၊ ဘာသာရေး အဖွဲ့အစည်း တွေက ထုံးတန်း စဉ်လာ အရပဲ ဆုံးဖြတ်တာ၊ ကိုယ်ဟာ ကိုယ်မကျေနပ်လို့ တိုင်မယ်ဆိုရင်လည်း တရားရုံးက ဆုံးဖြတ် ပေါ့ဗျာ၊ အစိုးရက ဘယ်သူပိုင်တယ် ဆိုတာ ၀င်ပြောလေ့ ထုံးစံ မရှိဘူး ဟု နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးရဲထွဋ် က The Messenger သတင်းစာသို့ပြောသည်။
မဟာသန္တိသုခကျောင်းကိစ္စတွင် နာမည် ထွက်နေသော ဦးအံ့မောင်သည် နိုင်ငံတော် သမ္မတ၏ အကြံပေး မဟုတ်ဘဲ သမ္မတရုံး၏ အကြံပေးသာ ဖြစ်ကြောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ကတည်းက န.ယ.က ရုံး အကြံပေးဟူ၍ ဦးအံ့မောင်၊ ဒေါက်တာ ဖေဉာဏ်၊ ဒေါက်တာ မတင်ဝင်း အပါအ၀င် ငါးဦးရှိခဲ့ ကြပြီး (န.ယ.က) ရုံးမှ သမ္မတရုံး အဖြစ် ဖန်တီးသော အခါတွင် အဆိုပါပုဂ်္ဂိုလ်များမှာ ဆက်လက် ပါဝင်နေကြခြင်း ဖြစ်ကြောင်း၊ အစိုးရသစ် လက်ထက်တွင် ဦးအံ့မောင်သည် သာသနာရေးဝန်ကြီး၏ လိုအပ်ချက်များကို လိုက်လုပ် နေကြောင်း၊ နိုင်ငံတော် သမ္မတသည် ဦးအံ့မောင်ထံမှ မည်သည့် အကြံဉာဏ်မျှ မတောင်းကြောင်း ဦးရဲထွဋ် ကဆိုခဲ့သည်။
မဟာသန္တိသုခကျောင်းသည် ချိတ်ပိတ်ထားသည်ဟု ဆိုသော်လည်း ကျောင်းတိုက်အတွင်း ပြည်ပ သာသနာပြု သင်တန်းသား ခေါ်ယူသည့် ကြော်ငြာကို ဇွန်လ (၁၅) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။ မဟာသန္တိသုခ ကျောင်းတော်ကြီးမှ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ငါးပါးအား လူဝတ်လဲ ရုံးထုတ်မည့် ကိစ္စနှင့် ပတ်သက်၍ ရုံးထုတ်ချိန် မတိုင်မီ တစ်စုံတစ်ရာ တုံ့ပြန် သွားမည် ဖြစ်ကြောင်း အမျိုး ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဦးဆောင် ဆရာတော် ဦးပါမောက္ခ က The Messenger သို့ မိန့်ကြားထားသည်။

Messenger News Journal

No comments:

Post a Comment