Tuesday, June 17, 2014

ပရိုဘောက်စ်များ စက်ဖုံးဖွင့် မောင်းနေခြင်း အရေးယူမည်မဟုတ်ဟုဆို

ပရိုဘောက်စ်ယာဉ် အများစု အင်ဂျင်အဖုံးဖွင့် မောင်းနှင်နေခြင်းကို အရေးယူမည်မဟုတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘စက်ဖုံးဖွင့်မောင်းတယ်ဆိုတာ လေဝင်အောင်လို့ လေဟာနယ်တစ်ခုအဖြစ် လုပ်ထားတဲ့ သဘောပါ။ အရေးယူဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ စစ်ဆေးတွေ့ရှိထားတာတွေတော့ ရှိပါတယ်’’ဟု ရဲအုပ်မျိုးအောင်က ရှင်းပြသည်။
 ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ကားများအဖြစ်  မြန်မာနိုင်ငံသို့ အများဆုံးတင်သွင်းထားသည့် ပရိုဘောက်စ်ယာဉ် အများစု အပူလွန်ပြီး မီးလောင်မှုများ မကြာခဏဖြစ်ပေါ်နေသောကြောင့် ယာဉ်မောင်းအများစုက အင်ဂျင်စက်ဖုံးဖွင့်၍ မောင်းနှင်သည့်အလေ့အထ ရန်ကုန်တွင် များပြားလာကြောင်း အဆိုပါရဲအုပ်က ဆိုသည်။
ယင်းကဲ့သို့ အင်ဂျင်စက်ဖုံးဖွင့်မောင်းနှင်ခြင်းမှာ ယာဉ်ကို အန္တရာယ်ရှိနိုင်၊ မရှိနိုင် မသိရှိရသေးသောကြောင့် လတ်တလော အရေးမယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ပရိုဘောက်စ်ယာဉ်တစ်စီး၏ ခံနိုင်ရည်မှာ ၆၀ ကီလိုဂရမ်ရှိပြီး မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ကားအများစုမှာ ဝန်နှင့်အား မမျှဖြစ်ပြီး ယာဉ်၏ရုန်းကန်အားမှာ အပူချိန်များပြားလာကာ   မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ် အငယ်လေးကားဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးက အကြံပြုပြောကြားသည်။
 ‘‘စက်ဖုံးဖွင့် မောင်းစရာမလိုပါဘူး။ ဝန်နဲ့အားမျှရင် မီးမလောင်နိုင်ဘူး’’ဟု အဆိုပါစက်ပြင်ဆရာက ဆိုသည်။
 ယင်းကဲ့သို့ ပရိုဘောက်စ်ယာဉ်များ မီးလောင်နေခြင်းမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာဖြစ်ပြီး အခြားနိုင်ငံများတွင် ဖြစ်ပွားခြင်းမရှိသောကြောင့် ပရိုဘောက်စ်ယာဉ်ထုတ်လုပ်သည့် ဂျပန်နိုင်ငံ တိုယိုတာ ကားထုတ်လုပ်ရေးကုမ္ပဏီက ပြင်ဆင်ပေးသွားမည်မဟုတ်ကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ တင်သွင်းမှုအများဆုံး တစ်ပတ်ရစ်ယာဉ်အမျိုးအစားငါးမျိုးတွင် ပရိုဘောက်စ်ယာဉ်မှာ တင်သွင်းမှုအများဆုံးဖြစ်ကြောင်း ဂျပန် တစ်ပတ်ရစ်တင်ပို့မှုစိစစ်ရေး အဖွဲ့က ဧပြီ ၁၆ ရက်၌  ထုတ်ပြန်ထားသည်။

7 Day Daily

No comments:

Post a Comment