Wednesday, June 11, 2014

အယ်လ်နီညို

အယ်လ်နီညိုသည်
စပိန်ဘာသာစကား။ မြန်မာလိုရေနွေးစီးကြောင်းဟု ခေါ်ဆိုသည်။ သမုဒ္ဒရာရေစီးကြောင်း။ ၁၉၈ဝ ပြည့်နှစ် မတိုင်မီအချိန်က ငါးနှစ်မှ ခုနစ်နှစ်ကြား တစ်ခါသာဖြစ်ပေါ်တတ်သည့် ပုံမှန်သဘာဝဖြစ်စဉ် တစ်ခု။ သက္ကရာဇ် ၁၅၅ဝ ခန့်ကစပြီး ရေလုပ်သားများ ဤဖြစ်စဉ်ကို စတင်သတိပြုမိလာ ခဲ့ကြသည်။ ရေနွေးစီးကြောင်းရောက် လာချိန် ငါးများ ရှားပါးသွားသည်ကို သတိထားမိရာမှ ဤအယ်လ်နီညိုဖြစ်စဉ်ကို သိလာခဲ့ကြရခြင်းဖြစ်သည်။
ထိုစဉ်က အယ်လ်နီညိုသည် သာမန်ဖြစ်စဉ်တစ်ရပ်ပင်။ ငါးများကို ရှားပါးစေသည့် ထိရောက်မှုတစ်ခုလောက်သာ သိထားခဲ့ကြသည်။ ထို့ထက် ဆိုးကျိုးသက်ရောက်စေမှု၊ အထူးသဖြင့် ကမ္ဘာ့ရာသီဥတုကို ထိခိုက်ပျက်ပြား စေမှုကို ၁၉၈၂ ခုနှစ်တွင်မှ လူများသတိပြုသိရှိလာခဲ့ကြသည်။ သဘာဝတရား၏ လျှို့ဝှက်နက်နဲမှု။ အကျိုးသက်ရောက်မှုတစ်စုံတစ်ခုရှိလာခဲ့မှ အကြောင်းတရားကို ရှာဖွေလေ့လာဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂-၁၉၈၃ မှာ ဖြစ်ပေါ်ခဲ့သည်။ အယ်လ်နီညိုသည် အင်အားပြင်းထန်ခဲ့ပြီး ရေပြင်သာမက အထက်လေထုဖြစ်စဉ်များအပေါ်မှာပါ အကျိုးသက်ရောက်မှုများ ဖြစ်သွားစေခဲ့သည်။ ဒေါင်လိုက်ရေစီးကြောင်းများကတစ်ဆင့် လွန်ကဲပြင်းထန်သည့် ရာသီဥတုဖောက်ပြန်မှုများကို ထိတ်လန့်ဖွယ်ရာ တွေ့ကြုံခံစား လာခဲ့ကြရာမှ လေထု၊ ရေထုတို့၏ အပြန်အလှန် တုံ့ပြန်အကျိုး သက်ရောက်မှုကို ပညာရှင်များ ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် စတင်သတိပြုလာစေခဲ့ခြင်းဖြစ်ကြောင်း မိုး/ဇလပညာရှင်တစ်ဦးက ပြောကြားသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့ရာသီဥတု ပုံမှန်မဟုတ်တော့ဘဲ မူမမှန် ဖောက်လှဲဖောက်ပြန် ဖြစ်ပေါ်စေ တတ်သည်။ အယ်လ်နီညိုဖြစ်စဉ်ကာလသည် များသောအားဖြင့် တစ်နှစ်ခန့်အချိန်ကြာမြင့်တတ်ပြီး မိုးလျော့ခြင်း၊ အပူချိန်တိုးခြင်း၊ မိုးခေါင်မှုအလားအလာများခြင်း၊ မုတ်သုံအဝင်နောက်ကျခြင်း၊ မုတ်သုံအထွက်စောခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ မိုးလယ်ကာလမိုးလျော့ခြင်း၊ မုန်တိုင်းများ ပုံမှန်ခန့်သာရှိခြင်း စသည့်ရာသီဥတု ပုံမှန်မဟုတ်သော ဖြစ်ရပ်များနှင့် ကြုံတွေ့ရတတ်သည်။ ယင်းမှာ အယ်လ်နီညိုနှင့် ဆက်နွှယ်ဖြစ်စဉ်များအပေါ် သုံးသပ်ချက်များဖြစ်သည်။
အယ်လ်နီညိုနှင့်ပတ်သက်၍ ကမ္ဘာ့မှတ်တမ်းသမိုင်းဝင် အဆိုးရွားအပြင်း ထန်ဆုံး ၁၂ နှစ်ရှိခဲ့ရာ ၁၁ နှစ်သည် ၁၉၈ဝ ပြည့်နှစ်မှ ၂ဝဝဝ ပြည့်နှစ်ကာလအတွင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် ၁၉၉၇-၁၉၉၈ အယ်လ် နီညိုဖြစ်စဉ်မှာ အဆိုးရွားဆုံးစံချိန်တင်ခဲ့သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ၏ ဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံကျော်ခဲ့သည်။ လူအသေအပျောက်မှာ ၁၄ဝဝဝ ကျော်ရှိခဲ့ပြီး ထိခိုက်ခံစားရသူ ၁၁၁ သန်းကျော်ရှိခဲ့ကာ အိုးပစ်အိမ်ပစ်ရွှေ့ပြောင်းရသူ ခြောက်သန်းကျော်နှင့် ထိခိုက်ဆုံးရှုံးသည့် စိုက်ပျိုးမြေဧကမှာ ၅၆ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။
အပူဆုံးနှင့် အခြောက်သွေ့ဆုံးဖြစ်ခဲ့သော ထိုနှစ်တွင် မိမိတို့နိုင်ငံရှိ မြို့တိုင်းလိုလိုမှာလည်း အပူချိန်အမြင့်ဆုံးစံချိန်များနှင့် အပူဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည်။စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊စိုက်ပျိုးရေး ကဏ္ဍပေါင်းစုံမှာ ထိခိုက်မှုအများအပြားဖြစ်စေခဲ့ပြီး သမိုင်းတွင်စေခဲ့သည့်နှစ် တစ်နှစ်ဖြစ်ခဲ့သည်။
တစ်ဖန် ယခုနှစ်တွင် လူအများကို ဒုက္ခပေးတတ်သော အယ်လ်နီညိုသည် မိမိတို့နိုင်ငံဘက်ကို ခြေဦး လှည့်လာပြန်ပါပြီ။၂ဝ၁၄ ဇွန်လမှ ၂ဝ၁၅ ဇွန်လအထိ အယ်လ်နီညိုရာသီဥတု၏ အကျိုးသက်ရောက်မှု ဆိုးပြစ်ဒဏ်ကို မြန်မာနိုင်ငံမှ ခံစားရမည်ဟု မိုး/ဇလပညာရှင် ဒေါက်တာထွန်းလွင်က အထောက်အထားများနှင့် သတိပေးထားပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ကလည်း ၂ဝ၁၄ ခုနှစ်မှာ အယ်လ်နီညိုဖြစ်နိုင်ခြေ ၅ဝ ရာခိုင်နှုန်းလောက်ရှိပြီဟု ခန့်မှန်းထားသည်။ သြဂုတ်၊ စက်တင်ဘာလမှာ ဖြစ်နိုင်ခြေ ၈ဝ ရာခိုင်နှုန်းထိ မြင့်လာနိုင်ကြောင်း၊ တစ်ကမ္ဘာလုံးနှင့်ဆိုင်၍ သီးသန့်အယ်လ်နီညိုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။
မည်သို့ဆိုစေ မိမိတို့နိုင်ငံသားများ ''တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်'' ဖြစ်သင့်ပြီ။ အသင့်ပြင်ဆင်ကြိုတင် ကာကွယ်လျက် အယ်လ်နီညိုသဘာဝ ဘေးဆိုးအန္တရာယ်ကို ကြံ့ကြံ့ခံ လွန်မြောက်စေဖို့ မိမိတို့ ''အစဉ်အသင့်''ဖြစ်နေကြရမည်။ အယ်လ်နီညိုကပေးသော သဘာဝပေးသင်ခန်းစာကို ကြိုတင်ကာကွယ်ခြင်းဖြင့် တားဆီးကြရပေမည်။ ။
The Mirror Daily

No comments:

Post a Comment