မြန်မာနိုင်ငံ၌ လုပ်ငန်း နယ်ပယ်စုံတွင် ပထမဆုံးအကြိမ်အဖြစ် သတ်မှတ်မည့်
အနည်းဆုံး အခကြေးငွေ နှုန်းထားကို တရားဝင် သတ်မှတ်ပြဋ္ဌာန်းကာ လာမည့်
ဒီဇင်ဘာလတွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်က ဇွန်လ ၂ ရက်နေ့က
ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် လုပ်အားခ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုကော်မတီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကော်မတီတို့က သက်ဆိုင်ရာ
နယ်မြေအလိုက် စစ်တမ်းများ
ကောက်ယူနေပြီး စစ်တမ်းများအရ အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထားကို ဇွန်လ
နောက်ဆုံးထား၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ
တင်ပြရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် လုပ်အားခ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုကော်မတီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကော်မတီတို့က သက်ဆိုင်ရာ
အနည်းဆုံး အခကြေးငွေ နှုန်းထားကို လာမည့် စက်တင်ဘာလတွင် ပြည်သူလူထုထံ ချပြသွားမည် ဖြစ်ပြီး ကန့်ကွက်မှုများ ရှိပါက ရက်ပေါင်း ခြောက်ဆယ်အတွင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ရက်ပေါင်း ခြောက်ဆယ် ကျော်လွန်ပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ယူကာ အနည်းဆုံး အခကြေးငွေ နှုန်းထားကို တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း ဦးထင်အောင်က ရှင်းပြသည်။
အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်သမားများ၏ သဘောထားကို ကောက်ယူမှု နည်းပါးကြောင်း၊ အနည်းဆုံး လုပ်အားခကို ကျပ်တစ်သိန်းဝန်းကျင် သတ်မှတ်ပေးစေလိုပြီး လုပ်ငန်း အမျိုးအစားအလိုက် လုပ်ခနှုန်းထားများကို ခွဲခြားသတ်မှတ် ပေးသင့်ကြောင်း New Wave ဖိနပ်စက်ရုံမှ အခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးသိန်းကျော်ဦးက ပြောကြားသည်။
“အစိုးရက သေချာ မညှိနှိုင်းဘူး လျော့တိလျော့ရဲ နိုင်တယ်လို့ ထင်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။
လက်ဝါး အထည်ချုပ်လုပ်ငန်း ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်အေးကမူ အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေနိုင်သည့် နှုန်းထားကို သတ်မှတ်ပေးရန် လိုအပ်သည်ဟု ပြောဆိုသော်လည်း သတ်မှတ်သင့်သည့် နှုန်းထားကို မခန့်မှန်းနိုင်ကြောင်း ဖြေကြားသည်။
“အနည်းဆုံး လုပ်ခဆိုတာက အလုပ်မရသေးတဲ့ လူတစ်ယောက်အတွက် သတ်မှတ်ပေးတာ။ အခြေခံလစာကို နည်းနည်းပဲ ပေးတဲ့ စက်ရုံတွေ ဆိုရင်တော့ အရေးယူရမယ်” ဟု ၎င်းက ပြောဆိုသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် အမျိုးသားကော်မတီက ပြုလုပ်သည့် အစည်းအဝေး သုံးကြိမ် တက်ရောက်ခဲ့သော်လည်း နှုန်းထား သတ်မှတ်ရေး အဖြေမထွက်ခဲ့ကြောင်း အမျိုးသားကော်မတီ၏ အလုပ်သမား ကိုယ်စားလှယ် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက မီဒီယာများကို ပြောဆိုထားသည်။
“အနည်းဆုံး လုပ်ခနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘာတွေ လုပ်နေတယ် ဆိုတာ ကျွန်တော်တို့ မသိရဘူး” ဟု ၎င်းကဆိုသည်။
တရားဝင် သတ်မှတ်ထားသည့် လုပ်အားခ နှုန်းထား မရှိသေးသဖြင့် လုပ်အားခ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုမှု၊ အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းရာတွင် အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် မတ်လတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်၊ ချင်းပြည်နယ်များ၊ နေပြည်တော် ကောင်စီတို့တွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဧပြီလတွင် ရှမ်း၊ ရခိုင်၊ ကယား၊ ကချင်ပြည်နယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရှိရသည်။
အနည်းဆုံး လုပ်ခကို လုပ်သားနှင့် မိသားစု လိုအပ်ချက်၊ အဆင့်တန်းမီ နေထိုင်မှုဘဝ၊ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ အပါဝင် အချက် ၁၀ ချက်ကို အခြေခံကာ သတ်မှတ်ရမည် ဖြစ်ပြီး အနည်းဆုံး လုပ်ခကို တစ်နိုင်ငံလုံး အတိုင်းအတာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အတိုင်းအတာ၊ လုပ်ငန်း အမျိုးအစားအလိုက်ကို ခွဲခြား သတ်မှတ်နိုင်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Weekly
No comments:
Post a Comment