Thursday, June 12, 2014

KIA ထောင်ထားခဲ့သောမိုင်းမှ KIA တပ်ဖွဲ့ဝင်တစ်ဦးအား ပေါက်ကွဲ ဒဏ်ရာရရှိစေပြီးနောက် ဒေသခံများ စိုးရိမ်ထိတ်လန့်

 
ကချင်ပြည်နယ် ၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ခိုင်ဘန်ကျေးရွာအနီးအတွင် ဇွန် ၁၀ ရက် ညနေ ၅ နာရီခန့်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ KIA တပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရ သည်။

“ ညနေ ၅ နာရီလောက်မှာ တောထဲကနေပြီး မိုင်းကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်၊ လွယ်လုံဘွမ် စခန်းဘက်နဲ့ တူတယ်၊ ကျွန်တော်တို့လည်း ရွာသားတွေ နင်းမိတယ်ထင်နေတာ၊ ခုချိန်ထိတော့ ရွာသားတွေ မိုင်းနင်းတယ်ဆိုတဲ့သတင်း မကြားမိသေးဘူး ” ဟု ခိုင်ဘန် ရွာသားတစ်ဦးက ပြောသည်။

“ မိုင်းက KIA အဖွဲ့တွေ သူတို့စခန်းကိုလာတဲ့ လမ်းတွေမှာ ထောင်ရင်း ကွဲတာလို့ပြောတယ်၊ လူနာရွှေ့ဖို့ဆိုပြီး ရွာက ရွာသားတွေကိုခေါ်ပြီး လူနာထမ်း ခိုင်းတယ်၊ ဒဏ်ရာကတော့ တော်တော်ပြင်း တယ်ဗျ၊ အသက်တောင် ရှင်ပါ့မလားမသိဘူး ၊ သူတို့ မိုင်းထောင်တဲ့နေရာက ကျွန်တော်တို့ ရွာသားတွေပါ သွားလေ့လမ်းမှာလေ ” ဟု မိုင်းထိတပ်ဖွဲ့ဝင်တစ်ဦးအား လိုက်ပါပို့ဆောင်ပေးရသော ရွာသားတစ်ဦးက ဆိုသည်။

KIA အဖွဲ့သည် ၎င်းကျေးရွာအနီးတစ်ဝိုက်၌ ရှိသော ရေဆိပ်နှင့် တောထဲသွားရာလမ်းတစ်လျှောက်တွင် ယခင် ထောင်ထားသော မိုင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ပေါက်ကွဲသွားရာ အစားထိုးပြန်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“KIAအဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာအနီးတစ်ဝိုက်၌ မိုင်းများ ထောင်နေခြင်းမှာ အမြဲလိုလိုဖြစ်နေပြီး ရွာသူ/ရွာသားတွေနဲ့ ကျွဲနွားတွေ မိုင်းထိလို့ ဒဏ်ရာရသူတွေ သေတဲ့သူတွေလဲ မနည်းတော့ဘူး၊ ဘယ်သူမှလဲ တောထဲသွားပြီး ယာခုတ်ကိုင်းခုတ်၊ ထင်းရှာလဲ မလုပ်ရဲကြတော့ဘူး ၊ နောက်ဆိုရင် စားရေးသောက်ရေးပါ ဒုက္ခရောက်တော့မှာ ၊ ကလေးတွေလည်း သနားဖို့ကောင်းတယ် လွတ်လွတ်လပ်လပ် ပေးမဆော့ရဲဘူး ၊ ကျွန်တော်တို့ ရွာသူ ရွာသားတွေလဲ တော်တော်လေးကို ကြောက်နေကြပြီ ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သူ ဦးအိုက်စိုင်းက ပြောသည်။

စိုင်းလူ

No comments:

Post a Comment