Thursday, June 26, 2014

ခွင့်ပြုချက်မဲ့ ရန်ပုံငွေကောက်ခံမှုဖြင့် NLD မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌအား အုပ်ချုပ်ရေးမှူးက တရားစွဲ

ခွင့်ပြုချက်မဲ့ ရန်ပုံငွေ ကောက်ခံမှုဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌအား အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး က တရားစွဲဆိုထားကြောင်း သတင်း ရရှိသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ကောက်ယူပွဲ အကြို ပါတီရန်ပုံငွေ လိုအပ်ချက်အရ ပန်းရဲ့လမ်း ငြိမ်းချမ်းရေး ကွန်ရက်မှ အင်းစိန်မြို့နယ်အတွင်း လှည့်လည် ဖျော်ဖြေခဲ့ မှုကြောင့် ဇွန်လ (၁၀) ရက်နေ့တွင် အင်းစိန် မြို့နယ် တရားရုံး၌ ရပ်ကွက်ကျေးရွာ ဥပဒေပုဒ်မ (၂၆) ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန် က ပြောသည်။
 ပန်းရဲ့လမ်း က တစ်နိုင်ငံလုံး မှာ Mobile စနစ်နဲ့ ဖျော်ဖြေခဲ့တာ။ ဘာခွင့်ပြုချက်မှ မယူရဘူး။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း  ပါတီအတွက် ဖျော်ဖြေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပိုင်းမှာက ၄၃၆ ကာလနီးတဲ့ အတွက် နောက်ပြီး ၄၃၆ ပြင်ဆင်ပေးဆိုတဲ့ သီချင်းသီ ဆိုခဲ့လို့ တရားစွဲဆိုတာပဲလို့ ထင်တယ် ဟု ၎င်း က ပြောသည်။

  လက်ရှိမြို့နယ် အတွင်း ဖျော်ဖြေခွင့်၊ စီတန်း လှည့်လည်ခွင့်နှင့် အခမ်းအနားများ ပြုလုပ်လိုပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှ တစ်ဆင့် မြို့နယ်၊ ခရိုင်၊ တိုင်းအထိ အဆင့်ဆင့်တင်ပြ ရကြောင်း သိရသည်။ ၎င်း တို့သည် မြို့ နယ်အတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစာ မပို့ဘဲ ခွင့်ပြုချက်မဲ့ လှည့်လည် ဖျော်ဖြေခဲ့ သောကြောင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ က The Messenger Media သို့ ပြောသည်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုတာ၊ ဘာရည်ရွယ်ချက် မှတော့ မရှိဘူး။ နောက်ပြီး ရပ်/ကျေး ဥပဒေကို လေးစား စေချင်တာလည်း ပါတယ် ဟု ဦးမြင့်ဆွေက ပြောသည်။

 
 ဒီမိုကရေစီ လမ်းကြောင်း ဖော်ဆောင်ရာတွင် ပုဒ်မ ၃၅၄ အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ချက် များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖြန့်ဝေခွင့်၊ အသင်း အစည်းအရုံးများ ဖွဲ့ စည်း ဆောင်ရွက်ခွင့် များကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက အထက်ပါ အခွင့် အရေး များကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိပြီး၊ ယခုကဲ့သို့ တရားစွဲဆိုခြင်းသည် ပြဋ္ဌာန်းထားသော ဥပဒေကို ဟန့်တားပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဦးခင်မောင်ရှိန်က ဆက် ပြောသည်။
 အဆိုပါ အမှုဖွင့် တရားစွဲဆိုခြင်းကို ပထမရုံးချိန်း အရ ဇွန်လ (၂၃) ရက်နေ့တွင် ကိုယ်ပိုင် ခံဝန် ကတိဖြင့် ရေးထိုးထားပြီး၊ ဇူလိုင်လ (၁) ရက်နေ့တွင် ဒုတိယရုံးချိန်း အဖြစ် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ မြောက်ပိုင်းခရိုင်၊ မြို့နယ် ကိုးမြို့နယ် ၌ ပုဒ်မ ၄၃၆ နှင့် ပတ်သက်၍ ဆန္ဒခံ ယူရာတွင် မြို့နယ်အသီးသီး၌ ဟန့်တား နှောင့်ယှက်မှုများ အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အဖွဲ့  ထံမှ သိရသည်။

  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အနေဖြင့် ပုဒ်မ ၄၃၆ နှင့် ပတ်သက်၍ ဟောပြောပွဲ၊ ဆန္ဒခံယူပွဲများ ပြုလုပ်ရာတွင် ကချင် ပြည်နယ် နှင့် မကွေးတိုင်းတို့တွင်လည်း တားဆီး နှောင့်ယှက်မှုများရှိခဲ့ပြီး အဆိုပါ ဒေသမှ NLD ပါတီ တာဝန်ရှိသူများ တရားစွဲဆိုခံထားရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်း ထံမှ သိရသည်။

ဇင်သူထွန်း
The Messenger News Daily

No comments:

Post a Comment