Saturday, June 7, 2014

မိုင်းပျဉ်းကျေးရွာ NLD ဒုဥက္ကဋ္ဌ သေနတ်နှင့် ပစ်သတ်ခံရမှု ပြည်ထဲရေး ဝန်ကြီးထံ တိုက်ရိုက်စာတင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဒုတိယဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ တိုက်ရိုက်စာတင်မည် ဖြစ်ကြောင်း NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက The Voice သို့ ပြောကြားသည်။

လက်နက်ကိုင် နယ်မြေများရှိ ပါတီဝင်များနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ပြည်ထဲရေး ဝန်ကြီးဌာနက ကာကွယ် ဆောင်ရွက်ပေးရန်အတွက် စာတင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တနင်္လာနေ့ လွှတ်တော်ထဲကို ပြည်ထဲရေးဝန်ကြီး လာတဲ့အချိန် တစ်ခါတည်း ပေးလိုက်မှာပါ” ဟု ၎င်းကဆိုသည်။

မိုင်းပျဉ်းကျေးရွာ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းစံထွန်းကို ဇွန်လ ၄ ရက်နေ့ ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်နှစ်ဦးက လက်ထိတ်ခတ် ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးခရိုင် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောကြားသည်။
“ကျွန်တော်တို့ ၅ ရက်နေ့ မနက်ပိုင်းမှာ အလောင်းကို သူ့အိမ်နဲ့ ကိုက် ၃၀၀ အကွာမှာ တွေ့ရပါတယ်။ နောက်စေ့က ကပ်ပစ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးတာကို တွေ့ရပါတယ်” ဟု ၎င်းက The Voice သို့ ပြောဆိုသည်။

အဆိုပါ သေနတ်နှင့် ပစ်ခတ်ခံရမှုကို ဟိုပုံးမြို့နယ် ရဲစခန်းတွင် မိသားစုက အမှုဖွင့်ထားသော်လည်း မိုင်းပျဉ်းကျေးရွာ တစ်ဝိုက်တွင် PNA အသွင်ပြောင်း ပြည်သူ့စစ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တပ်မတော်၏ ခလရ ၂၄၉ တပ်ရင်းများ လှုပ်ရှားရာ အမည်းရောင်နယ်မြေ ဖြစ်သောကြောင့် အမှုမှန် ပေါ်ပေါက်ရန် ခက်ခဲကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းဆဲ ဖြစ်သောကြောင့် ထုတ်ပြန်ပြောကြားခြင်း မပြုနိုင်သေးကြောင်း ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် ဧပြီလအတွင်း နမ့်ဆန်မြို့တွင် NLD ပါတီဝင်တစ်ဦးကို နေအိမ်အတွင်း လက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်သတ်ခြင်း ဖြစ်ပွားခဲ့ပြီး အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးကြောင်း တောင်ကြီးခရိုင် NLD ပါတီရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment