Monday, July 14, 2014

ဂေါပကအဖွဲ့ဝင် ၁၁ ဦးက တိုင်ကြား၍ ကန်ဦးကျောင်းထိုင် ဆရာတော် ဖယ်ရှားခြင်း မဟုတ်ဟုဆို

Photo: ဂေါပကအဖွဲ့ဝင် ၁၁ ဦးက တိုင်ကြား၍ ကန်ဦးကျောင်းထိုင် ဆရာတော် ဖယ်ရှားခြင်း မဟုတ်ဟုဆို
Monday, July 14, 2014

ဒလမြို့နယ် ဆာပါချောင်ရပ်ကွက်ရှိ ကန်ဦးကျောင်းထိုင် ဆရာတော် ဦးကုသလကို သံဃမဟာနာယက အဖွဲ့၏ အမိန့်ဖြင့် ဖယ်ရှားခံရခြင်းမှာ ဂေါပကအဖွဲ့ဝင် ၁၁ ဦး၏ တိုင်ကြားချက်ကြောင့်ဟု ဆိုသည်မှာ မဟုတ်မှန်ကြောင်း အဆိုပါ ကျောင်းတိုက်ကို မူလက ပုဂ္ဂလိကပိုင်ဆိုင်သူ သရက်တောကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပဝရာဘိဝံသက မိန့်ကြားသည်။ 

ကန်ဦးကျောင်းတိုက်တွင် ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် လက်ရှိ ကျောင်းထိုင်ဆရာတော် ဦးကုသလက ကျောင်းထိုင်အဖြစ်မှ ဖယ်ရှားခံရသည်မှာ ဂေါပကအဖွဲ့ဝင် ၁၁ ဦးက မမှန်သတင်းများ ပေးပို့မှုကြောင့်ဟု မိန့်ကြားခဲ့သည်ကို ဆရာတော် ဒေါက်တာဘဒ္ဒန္တပဝရာ ဘိဝံသက အထက်ပါအတိုင်း ပြန်လည် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ 

နှစ်တစ်ရာကျော်ခန့် ရှိသော ကျောင်းဟောင်းကို ပုဂ္ဂလိကပိုင် ဆရာတော်နှင့် တိုင်ပင်ခြင်းမရှိဘဲ ဖြိုဖျက်ကာ ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း၊ ရှေးဟောင်းဘုရားများ ပျောက်ဆုံးခြင်းများ ရှိသည်ဟု ကန်ဦးကျောင်းတိုက်၏ ပုဂ္ဂလိကပိုင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပဝရာဘိဝံသထံ ဂေါပကအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပေးပို့ခဲ့ကြောင်း၊ ယင်းကြောင့် ပုဂ္ဂလိကပိုင် ဆရာတော်က စည်းကမ်းချက် ငါးချက် လိုက်နာရန်၊ စည်းကမ်း မလိုက်နာပါက ကန်ဦးကျောင်းတိုက်မှ ထွက်ခွာပေးရန် မိန့်ကြားသဖြင့် သံဃာအဖွဲ့ကို လေးစားခြင်း၊ ဆရာတော်၏ဂုဏ်ကို လေးစားခြင်းတို့ကြောင့် အထက်ပါ အချက်များကို လိုက်နာရန် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စည်းကမ်းချက်များ အနက် လေးချက်ကို မလိုက်နာပါက သံဃာ့အမိန့် ၂၀/ ၉၀ ဖြင့် အပြစ်ပေး ထောင်ချခံရမည်ဟု ဆိုသော စည်းကမ်းချက်လည်း ပါဝင်ကြောင်း ဦးကုသလက မိန့်ကြားသည်။

ကျောင်းဟောင်းကို ဖြိုဖျက်ကာ ရောင်းစားခြင်း၊ ဆင်းတုတော်ကို ရောင်းစားခြင်းတို့ ပြုလုပ်သည် ဆိုသည်တို့မှာ ဂေါပကအဖွဲ့ဝင်များ မပြောဆိုခင် ကတည်းက ကြိုတင် ကြားသိထားကြောင်း၊ ကျောင်းတိုက်နှင့် ပတ်သက်၍ ဆရာတော်နှင့် တိုင်ပင်ဆွေးနွေးရန် မိန့်ကြားပြီး တားမြစ်ခဲ့သော်လည်း ဆက်လက် ဆောင်ရွက်မှုများကြောင့် နိုင်ငံတော် သံဃမဟာနာယကထံ တိုင်ကြားခြင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်ဆေးကာ နိုင်ငံတော် သံဃမဟာနာယကက အမိန့်ချမှတ်ခြင်းသာ ဖြစ်ပြီး ကန်ဦးကျောင်းတိုက်၏ ပုဂ္ဂလိကပိုင် ဆရာတော်နှင့် မသက်ဆိုင်ကြောင်း၊ ယခုကဲ့သို့ ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ကြန့်ကြာနေခြင်းမှာ ဓမ္မစက်ဖြင့်သာ အမိန့်ချမှတ်ခဲ့သောကြောင့် သံဃစက်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တပဝရာ ဘိဝံသက အထက်ပါအတိုင်း ပြန်လည် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ 

သရက်တောကျောင်းတိုက်မှ ဆရာတော် ဒေါက်တာဘဒ္ဒန္တပဝရာ ဘိဝံသက လွန်ခဲ့သော ၇ နှစ်ခန့်က ဆရာတော် ဦးကုသလကို ကန်ဦးကျောင်းထိုင်အဖြစ် တစ်သက်တာ သီတင်းသုံးနေထိုင်ခွင့်ကို လွှဲအပ်ခဲ့ကြောင်း၊ နှစ် ၁၀၀ ကျော် ကြာမြင့်သော ကျောင်းတိုက်မှာ နာဂစ်မုန်တိုင်းထိပြီး ပျက်စီးခဲ့သဖြင့် ရပ်ကွက်နေသူများက တစ်ရက်လျှင် ၁၀၀ ကျပ် စုဆောင်းကာ ၂၀၀၉ ခုနှစ်တွင် နှစ်ထပ်အာစီ ကျောင်းဆောင်သစ် ပြန်လည် တည်ဆောက်ခဲ့ကြောင်း ဆာပါချောင် ရပ်ကွက်နေသူများက ပြောကြားသည်။

အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်မှုကို မလိုလားသူ လူတစ်စုက ဆရာတော် ဦးပဝရထံ တိုင်တန်းမှုများကြောင့် ဇူလိုင်လ ၆ ရက် ညနေပိုင်းက ကျောင်းတိုက်မှ ဖယ်ရှားပေးရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဆာပါချောင် ရပ်ကွက်နေသူများက ပြောကြားသည်။ 

ကန်ဦးကျောင်းတိုက်နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရန် သံဃာ့ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များကို ပြန်လည် စိစစ်ပေးရန် တင်ပြခဲ့ပြီး ယင်းကိစ္စ အဝဝကို ကျောင်းထိုင်အဖြစ် လွှဲအပ်ပေးထားသည့် တစ်သက်တာ သီတင်းသုံးနေထိုင်ခွင့် အပ်နှံခြင်း စာချုပ်ဖြင့် ဖြေရှင်းမည် ဖြစ်ကြောင်း ဆရာတော် ဦးကုသလက မိန့်သည်။

ကန်ဦးကျောင်းတိုက်နှင့် ပတ်သက်၍ မမှန်သတင်း လွှင့်သည်ဟု ဆိုသော ၁၁ ဦး ပါဝင်သော လူတစ်စုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးကာ အရေးယူပေးရန် ရပ်ကွက်နေသူများက သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

ရှေးဟောင်းဘုရား ပျောက်ဆုံးခြင်း၊ ဆရာတော် ခွင့်ပြုချက် မယူဘဲ လုပ်ပိုင်ခွင့် တလွဲသုံးသည်များနှင့် ပတ်သက်၍ သက်သေအထောက်အထား ရှိပြီး ဆရာတော် ဦးကုသလဘက်မှ တရားစွဲဆိုပါက ရင်ဆိုင် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၁၁ ဦးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment