Monday, July 14, 2014

သတင်းသမားများကို ထောင်ချမှု ကန့်ကွက်သော်လည်း ချက်ချင်း နုတ်ထွက်ရန် မရှိသေးဟု စာနယ်ဇင်းကောင်စီဝင်များဆို

ယူနတီသတင်းဂျာနယ်မှ သတင်းသမားငါးဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းနှင့် Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းသမားများကို ဖမ်းဆီး စစ်ဆေးနေခြင်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကန့်ကွက်ထားသော်လည်း ကောင်စီဝင်အဖြစ်မှ ချက်ချင်း နုတ်ထွက်ရန် မရှိသေးကြောင်း စာနယ်ဇင်း ကောင်စီဝင်များက ပြောဆိုသည်။
အစိုးရက သတင်းသမားများကို ထောင်ဒဏ် နှစ်ရှည် ချမှတ်ခြင်းအပေါ် ကန့်ကွက်သည့် အနေနှင့် စာနယ်ဇင်း ကောင်စီဝင်အချို့ ကောင်စီမှ နုတ်ထွက်မည် ဆိုသော သတင်းများနှင့် ပတ်သက်၍ ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကြားဝင် ဆောင်ရွက်မှု များအပေါ် အစိုးရက အသိအမှတ် မပြုသည့်အတွက် စိတ်ပျက်မိသော်လည်း အုပ်ချုပ်ရေးပိုင်းနှင့် သတင်းမီဒီယာ အဖွဲ့အစည်း အချို့က စာနယ်ဇင်းကောင်စီ ကျဆုံးသည်ကို လိုလား၍ ၎င်းတို့ သဘောကျ နုတ်ထွက်မည် မဟုတ်ကြောင်း ကောင်စီဝင် ဦးဇော်သက်ထွေးက The Voice သို့ ပြော ဆိုသည်။

“ကျွန်တော်က စာနယ်ဇင်းသမဂ္ဂရဲ့ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ထား အတွက် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ပဓာနကျတယ်။ အဖွဲ့က နေဆိုနေမယ်၊ အဖွဲ့က ထွက်ဆိုထွက်မယ်။ လောလောဆယ် စာနယ်ဇင်း ကောင်စီဝင်တွေနဲ့ တစ်သားတည်း ရှိတယ်” ဟု ဦးဇော်သက်ထွေးက ရှင်းလင်းပြောဆိုသည်။

စာနယ်ဇင်းကောင်စီဝင် အဖြစ်မှ နုတ်ထွက်စေရန် ပြောဆိုသည့် သတင်းများ ကြားသိနေရသော်လည်း တရားဝင် ဆွေးနွေးမှု မရှိသေးကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်ကို ကိုယ်စားပြု၍ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်အဖြစ် ပါဝင်နေသူ ဦးမြင့်ကျော်က ရှင်းပြသည်။
“နုတ်ထွက်စေမယ်ဆိုတာ Facebook မှာ ပြောတာလောက်ပဲ ရှိတယ်။ အစည်းအဝေးမှာ ဆွေးနွေးတာ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

စာနယ်ဇင်းကောင်စီဝင် တစ်ဦးဖြစ်သူ ဒေါက်တာ မျိုးသန့်တင်ကလည်း ကောင်စီမှ နုတ်ထွက်မည် ဆိုသော ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေး ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ကောင်စီက ထုတ်ပြန်ထားသည့် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“သမ္မတကြီးနဲ့ တွေ့ဖို့ စာတင်ထားတယ်။ တွေ့တဲ့ ရလဒ်အပေါ် မူတည်ပြီးတော့ ကောင်စီ အစည်းအဝေး ပြန်လုပ်ပြီးမှ အခြေအနေကို သိလိမ့်မယ်” ဟု ဒေါက်တာမျိုးသန့်တင်က ဆိုသည်။

သတင်းမီဒီယာ အဖွဲ့ဝင်များကို ခေါ်ယူမေးမြန်းခြင်း၊ ဖမ်းဆီး အရေးယူခြင်းတို့ ပြုလုပ်ရာတွင် စာနယ်ဇင်းကောင်စီကို တရားဝင် အသိပေးခြင်း မရှိသည့် အတွက် ကန့်ကွက်ကြောင်း၊ ယူနတီဂျာနယ်မှ သတင်းသမားများကို တရားရေးမဏ္ဍိုင်က ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ထားခြင်းကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပြုရန် မေတ္တာ ရပ်ခံကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် တောင်းဆို ထားသည်။

ယင်းသို့ သတင်းသမားများကို ဖမ်းဆီးထောင်ချ အရေးယူမှုကို ကန့်ကွက်သည့် အနေနှင့် ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာသို့ လာရောက်သော သမ္မတဦးသိန်းစိန်ကို သတင်းထောက် များက ဆန္ဒပြခဲ့ပြီး အဆိုပါ ဆန္ဒပြသူများကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ကမာရွတ် ရဲစခန်းက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment