Tuesday, July 15, 2014

လွှတ်တော်ဥက္ကဋ္ဌ သတိပေးချက်ကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပထမဆုံး အကြိမ် ကန့်ကွက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သတိပေးချက်ကို ဇူလိုင်လ ၁၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ကန့်ကွက်ခဲ့မှုမှာ လွှတ်တော်ဥက္ကဋ္ဌ၏ သတိပေးချက်ကို လွှတ်တော်အမတ်က ပထမဆုံး ကန့်ကွက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်း မေးမြန်းသော မေးခွန်းတွင် မူလ မေးမြန်းထားသည့်
စာသားအပြင် ဖြည့်စွက်မေးမြန်းမှုကြောင့် နောက်နောင် မေးမြန်းမှု မပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေး ပြောကြားမှုကို ဦးရဲထွန်းက ပြန်လည် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ကို ရည်ရွယ်ပြီး ပြောတယ်ဆိုရင် ကျွန်တော်က ကန့်ကွက်ပါတယ်” ဟု ဦးရဲထွန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တိုက်ရိုက်တုံ့ပြန် ပြောဆိုသည်။

လွှတ်တော် နည်းဥပဒေအရ ကိုယ်စားလှယ်တစ်ဦးသည် ထပ်ဆင့်မေးခွန်း မေးမြန်းနိုင်သည်ဟု ပြဋ္ဌာန်းထားမှု ရှိသော်လည်း နောက်ဆက်တွဲ မေးခွန်းကို မူလမေးခွန်းတွင် တစ်ပါတည်း ထည့်သွင်းမေးမြန်းရန် မဖြစ်နိုင်သောကြောင့် ဦးရဲထွန်း၏ ကန့်ကွက်မှုကို ပယ်ချကြောင်း ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည် ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သီပေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းပိုင် မြေနေရာ အမှုရင်ဆိုင်နေရခြင်း ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မေးမြန်းရာတွင် အဆိုပါ မြေနေရာအတွက် အမှုရင်ဆိုင် နေရသူသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အမည်ကို အလွဲသုံးစား ပြုထားကြောင်း၊ ယင်းမြေနေရာတွင် သူရဦးရွှေမန်းက အကန့်အသတ်မရှိ နေထိုင်ခွင့် ပြုထားခြင်းကြောင့် နေထိုင်ခြင်း ဖြစ်သည်ဟု အမှုရင်ဆိုင်နေရသူက ပြောဆိုကြောင်းတို့ကို ဖြည့်စွက် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အတွင်း မေးခွန်းမေးမြန်းမှုတွင် မလိုအပ်ဘဲ အချိန်ကုန်ဆုံးမှု မရှိစေရန် မေးသင့် မေးထိုက်သည့် ကိစ္စများကို ဥပဒေနှင့်အညီ မေးမြန်းရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ထပ်လောင်း ပြောဆိုသည်။

လွှတ်တော်နည်းဥပဒေ ၁၄၂၊ ၁၄၃ အရ မေးခွန်း မေးမြန်းရာတွင် အချက်ဆယ်ချက် ထုတ်ပြန်ထားပြီး လွှတ်တော်ဥက္ကဋ္ဌ သတိပေး ပြောကြားခြင်းသည် ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု ရှိကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။

The Voice Weekly

No comments:

Post a Comment