Tuesday, July 15, 2014

ကေအိုင်အေ အရာရှိနှစ်ဦးကို မူးယစ်နှင့် လက်နက်ခဲယမ်းမှုများဖြင့် ဖမ်းဆီးစစ်ဆေး

ကချင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းများက ဇွန်လ နောက်ဆုံးပတ်၌ ကေအိုင်အေ အရာရှိနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းမှုတို့ဖြင့် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေလုံခြုံရေး အခြေအနေအရ ရဲတပ်ဖွဲ့ဝင်များ သွားရောက်နိုင်ခြင်း မရှိ၍ တပ်မတော် စစ်ကြောင်းများက
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် တရားမဝင် သစ်မှောင်ခို လုပ်ငန်းများ ဖမ်းဆီးရန် ပုံမှန်သွားလာ လှုပ်ရှားမှု ပြုလုပ်စဉ်အတွင်း မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် သုံးစွဲမှု၊ လက်နက်ခဲယမ်း လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့က ကေအိုင်အေ ဆိုပြီး ဖမ်းတာ မဟုတ်ဘူး။ နောက်ပိုင်းကျမှ ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ ပါလာတယ်ဆိုတာ သိရတာ။ ဒါပေမဲ့ မူးယစ်ဆေးဝါး ကိုင်တွယ် သုံးစွဲတာတို့၊ ရောင်းဝယ် ဖောက်ကားတာတို့၊ လက်နက်ခဲယမ်း ကိုင်တွယ်တဲ့သူ မှန်သမျှ ဘယ်အဖွဲ့အစည်းမဟူ ဒီအတိုင်း ဆောင်ရွက်မယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသော ကေအိုင်အေ အရာရှိနှစ်ဦးမှာ ကေအိုင်အေတပ်ရင်း ၆ မှ ဗိုလ်အဆင့်ရှိသူ မဂျီဘရန်ဆိုင်းနှင့် ကပ်မှော်ဇွပ်တိုက်နယ်မှူး ဆလန်ကဘာ (အရပ်ဘက် အုပ်ချုပ်ရေးအရာရှိ) ခေါင်လွမ်းတို့ ဖြစ်ကြောင်း ပဋိပက္ခ စောင့်ကြည့်ညှိနှိုင်းရေး ကော်မတီဝင် ကေအိုင်အေ ဗိုလ်မှူးကြီး ခွန်နောင်ထံမှ သိရသည်။

ဗိုလ်အဆင့်ရှိသူ မဂျီဘရန်ဆိုင်းကို အင်းတော်ကြီးဒေသ မပြင်ကျေးရွာတွင် မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် သုံးစွဲမှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးကိုမူ မြစ်ကြီးနား-ကာမိုင်း လမ်းတစ်နေရာမှ လက်နက်ခဲယမ်း လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ထားကြောင်း တပ်မတော်အရာရှိက ပြောကြားသည်။

ကေအိုင်အေဘက်မှလည်း ၎င်းတို့ အရာရှိနှစ်ဦးကို ပြန်လည် လွှတ်ပေးရေး အတွက် ဇူလိုင်လ ၅ ရက်က မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သော နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ အစည်းအဝေးတွင် နှုတ်ဖြင့် တင်ပြခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြန်လည် လွတ်ပေးနိုင်ရန် နှုတ်ဖြင့် တင်ပြခဲ့ကြောင်း ပဋိပက္ခ စောင့်ကြည့်ညှိနှိုင်းရေး ကော်မတီဝင် ကေအိုင်အေ ဗိုလ်မှူးကြီး ခွန်နောင်ကလည်း အတည်ပြု ပြောကြားခဲ့သည်။

၎င်းတို့တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရသည့် အကြောင်းအရင်းကို မေးမြန်းစဉ်တွင်မူ ဖုန်းလိုင်းကျသွားခဲ့ပြီး ထပ်မံ ခေါ်ဆိုသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိတော့ပေ။

ဖမ်းဆီးခံ ကေအိုင်အေ အရာရှိနှစ်ဦးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ထားရှိမှုကို သိရှိနိုင်ရန် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်ခဲ့ရာ တာဝန်ရှိသူများ အစည်းအဝေး လုပ်နေကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment